ဇူလိုင်လ၂၉ရက်၊၂၀၂၃ခုနှစ်။ကေအိုင်စီ
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ အခြေစိုက် ထိုင်း-မြန်မာနယ်စပ်မျဉ်းပေါ်ရှိ မူဂျာထိပ် စစ်ကောင်စီတပ်စခန်း တစ်ခုကို မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအခြေစိုက်တော်လှန်ရေး မဟာမိတ် အင်အားစုများပူးပေါင်းကာ SF-Z လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဇူလိုင်လ၂၈ ရက်နေ့တွင် ၎င်းမဟာမိတ်အင်အားစုများက သတင်းထုတ်ပြန်ခဲ့သည်။
မိုးကြိုးစစ်ဆင်ရေးဟု အမည်ပေးထားသည့် ၎င်းစစ်ဆင်ရေးကို MSRF/ YAF/ ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်း (T-5)/ KB PDF/ TPLF/ ဒေါနစစ်ကြောင်းနှင့် ABSDF (တပ်ရင်း -၁) တို့မှ ပူးပေါင်းပြီး SF-Z လေယာဉ်ဖြင့် ဗုံး ၆လုံးတိတိကြဲကာ တတိယအကြိမ် ပူးပေါင်းစစ်ဆင်ရေးကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒပ်ပၠန်ဂတးဍုင်မန် MSRF မွန်ပြည်တော်လှန်ရေးတပ်မှ ပြန်ကြားရေး တာဝန်ခံတစ်ဦးက ပြောသည်။
၎င်းက “ အခုဒါက တတိယအကြိမ်ပူးတွဲ စစ်ဆင်ရေးပေါ့နော်။ တနင်္သာရီနဲ့မွန်မှာရှိတဲ့ PDFတွေပေါင်းပြီး တော့ စစ်ဆင်ရေးလုပ်တာပေါ့။ အခုလိုမွန် တနင်္သာရီ ပူးပေါင်းစစ်ဆင်ရေးက တတိယမြောက် ပူးပေါင်း စစ်ဆင်ရေး ဖြစ်ပါတယ်။ ပထမစစ်ဆင်ရေးကတော့ ရေးမှာရှိတဲ့အမြှောက်တပ်တစ်ခုပေါ့နော်၊ ရေးတောင်ဘက် မှာရှိတဲ့ အမြှောက်တပ်တစ်ခုကို ဒရုန်းနဲ့စစ်ဆင်ရေးသွားပြီးတော့ တစ်ခါတိုက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့အပတ်က ဒုတိယအကြိမ် ကျနော်တို့အဖွဲ့ပေါင်းစုံပေါ့နော်။ ရန်သူစစ်စခန်းသုံးနေရာအပြင် တပ်ရင်း ၆၁ကိုလည်း တိုက်ခိုက်ခဲ့တယ်။” ဟု ကေအိုင်စီ သို့ပြောသည်။
စစ်ဆင်ရေးအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုမရှိခဲ့ဘဲ အဝေးနေရာမှ ဒရုန်းဖြင့် ရန်သူ့စခန်းကို တိုက်ခိုက်ရ ခြင်းကြောင့် တော်လှန်ရေးအင်အားစုများဘက်မှ တစ်စုံတစ်ရာထိခိုက်မှုမရှိဘဲ နေထိုင်ရာစခန်းသို့ အဆင်ပြေစွာပြန်လည်ရောက်ရှိလာကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါ မဟာမိတ်အင်အားစုများ ထုတ်ပြန်ချက်တွင် (တောင်ပိုင်းစစ်ဒေသ – ခွဲ ၃) ၏ မဟာဗျူဟာလုပ်ငန်းစဉ် ဖော်ဆောင်ရေးအတွက် လိုအပ်သည့် စစ်ရေးရည်မှန်းချက်တစ်ခုအား ဖော်ဆောင်ခြင်းနှင့် အာဏာရှင် စနစ်အမြစ် ပြတ်ရန်နှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန်အတွက် ဘဝတူတိုင်းရင်း သားများနှင့်ပူးပေါင်း၍ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။



















