Home ဆောင်းပါး တစ်မျိုးသားလုံးအရေး အချင်းချင်းကြား ပဋိပက္ခမီး ငြိမ်းသတ်သင့်ပြီ

တစ်မျိုးသားလုံးအရေး အချင်းချင်းကြား ပဋိပက္ခမီး ငြိမ်းသတ်သင့်ပြီ

1099

တစ်မျိုးသားလုံးအရေး အချင်းချင်းကြား ပဋိပက္ခမီး ငြိမ်းသတ်သင့်ပြီ

(ဇူလိုင် ၂၉ ရက်၊ ၂၀၂၃ခုနှစ်)

ဖော့မူရှာ့

KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ(၄)နယ်မြေတွင် ကရင်အ မျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ယခင်ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO စစ်ဦးစီးချုပ် ဟောင်း ဗိုလ်မှူးချုပ်စောနယ်ဒါးမြ ဖွဲ့စည်းတည်ထောင်ထားသော ကော်သူးလေအာမီ-KTLA တပ်ဖွဲ့အကြားဖြစ်ပွား သည့် နှစ်ဖက်ပွတ်တိုက်မှုပြဿနာသည် တဖြည်းဖြည်းနှင့် ကြီးထွားလာသည့်အခြေအနေသည် လတ်တလောတွင် ကရင်လူထုအကြား စိတ်မချမ်းမြေ့စရာ သတင်းတစ်ခုဖြစ်လာသည်။

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းမည်ဟု ကြွေးကြော်ထားသည့် ထိုနှစ်ဖွဲ့စလုံးကြား ဖြစ်ပွားသည့် ပွတ်တိုက်မှု၊ ပစ်ခတ်တိုက်ခိုက်မှု ပြဿနာသည် ပြည်သူအများ၏ ဘုံရန်သူ စစ်အာဏာရှင်ကို ပစ်မှတ်ထားဖြစ်ပွားသည့် ပစ်ခတ်မှု မဟုတ်တော့ဘဲ ကရင်အချင်းချင်းကြားတွင် ပြန်လည်တိုက်ခိုက်နေကြပြီး နောက်ဆုံးတွင် ကရင်လက်နက်ကိုင် အချင်း ချင်းကြား သွေးထွက်သံယို သေဆုံးမှုအထိ ဖြစ်လာနေသည်။

အဓိကအားဖြင့် ထားဝယ်-ထီးခီးလမ်း နယ်စပ်လမ်းကြောင်းတွင် နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားလာနေပြီး ယခု ဇူလိုင်လတွင် ပြန်လည်ဖြစ်ပွားသည့် နှစ်ဖက်တင်းမာမှုမှာ ယုံကြည်မှုတည်ဆောက်၍ မရတော့ဘဲ တဖြည်းဖြည်း ဇာတ် ရှိန်မြင့်လာသည့်အဆင့် ရောက်လာခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ ၁၅ရက်နေ့တွင် KNU ၏ တပ်မဟာ(၄) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA လက်အောက်ခံ တပ်ရင်း(၁၀)က မေတ္တာ-ထီးခီလမ်းပေါ်တွင်ရှိသည့် ကော်သူးလေအာမီ-KTLA တပ်ဖွဲ့ကို သွားရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲတဖန်ပြန်လည်ဖြစ်ပွားခဲ့သည်ဟု မြေပြင်သတင်းအရင်းအမြစ်များအရ သိရှိရသည်။

ထိုတိုက်ပွဲဖြစ်ပွားရသည့်အကြောင်းရင်းမှာ ဇူလိုင်လ ၁၂ရက်နေ့တွင် KNU ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဋ္ဌာနက မြို့နယ်ရုံးကို ဆေးဝါးများ ပို့ဆောင်ရန်သွားနေသည့်ကားကို မေတ္တာ-ထီးခီးလမ်းပေါ်ရှိ KTLA ဗိုယ်အယ်ခွီးဦးဆောင် သည့်တပ်ဖွဲ့က တားဆီးပိတ်ပင်ခြင်းနှင့် ဇူလိုင်လ ၁၃ရက်နေ့တွင် KNU ကစယ်ဒိုမြို့နယ်၊ ကျန်းမာရေးဌာန တာဝန်ရှိသူ ၏ ကားကို KTLA က ပေးမသွားဘဲ ကားဘီးပစ်ဖောက်ပြီး တားဆီးမှုပြုလုပ်ခဲ့သည့်အတွက်ကြောင့်ဖြစ်သည်ဟု KNU ဘိတ်-ထားဝယ်ခရိုင်ဘက်က ပြောဆိုထားသည်။

အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် KNU ခွင့်ပြုချက်မယူဘဲ KNU နယ်မြေထဲတွင် သွားလာနေသည့် ပြည်သူ များကို စစ်ဆေးမေးမြန်းခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေသည်ကို KNU ဘိတ်-ထားဝယ်အနေနှင့် လက်ခံ၍မရဘဲ တားဆီးသည့်ကြားက လုပ်ဆောင်သည့်အတွက် သွားရောက်ရှင်းလင်းခြင်းဖြစ်ကြောင်းလည်း ခရိုင်တာဝန်ရှိသူများက ဆိုသည်။

KNLA တပ်မဟာ(၄)ဘက်က KTLA တပ်ဖွဲ့ကို သွားရောက်ပစ်ခတ်သော်လည်း ၎င်းတို့တပ်ဖွဲ့ဘက်က ပြန်လည်ပစ်ခတ် ခြင်းမရှိကြောင်း KTLA က ကြေညာချက်ထုတ်ပြန်ထားသလို KNU တပ်မဟာ(၄)ဘက်ကမူ KTLA တပ်ဖွဲ့များ၏ ပြန်လည်ပစ်ခတ်မှုကြောင့် ဒေသခံ (၂)ဦး ထိခိုက်ဒဏ်ရာရရှိသွားခြင်းရှိသည်ဟု သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ဇူလိုင်လ (၁၅)ရက်နေ့တွင် KTLA ဆာကဆောတပ်မဘက်က မေတ္တာ-ထီးခီးလမ်းပိုင်းကို ဇူလိုင်လ ၁၆ရက်နေ့မှစ၍ သွားလာအသုံးမပြုရန်နှင့် ပြည်သူများလိုက်နာရန်ဆိုပြီး အသိပေး ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်ထဲတွင် သတ်မှတ်ရက်အတွင်း အဆိုပါလမ်းကို ဖြတ်သန်းသွားလာစဉ် စစ်ကောင်စီနှင့်ပတ်သက်မှု တစ်စုံတစ်ရာရှိနေ၍သော်လည်းကောင်း၊ ၎င်းတို့၏ စစ်ဆေးခြင်းနှင့် ထုတ်ပြန်ချက်ကို လိုက်နာမှုမရှိ၍သော်လည်း ကောင်း၊ ထိခိုက်မှုတစ်စုံတစ်ရာအတွက် မသင်္ကာဖွယ်ရာအားလုံးကို တွေ့ရှိပါက ရှင်းလင်းပစ်မည်ဟု ဖော်ပြထားသည်။

ထို့နောက် ဇူလိုင်လ (၁၉)ရက်နေ့တွင် KNU ကစယ်ဒိုမြို့နယ်ရှိ ဖောတောရွာနှင့် မိုင်(၄၀)အနီး၌ KNLA တပ်မဟာ(၄) စစ်ဘက်ရေးရာကွပ်ကဲရေးမှူး လိုက်ပါလာသည့် ကား ၂ စီးကို KTLA ဘက် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် KNLA က ဗိုလ်မှူးစောဖိုးစီနှင့် ရဲဘော်တစ်ဦး အပါအဝင် တပ်ရင်း(၁၂)နှင့် တပ်ရင်း(၇) တပ်ဖွဲ့ဝင် ငါးဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ သည်။

အဆိုပါနေရာသည် KNLA တပ်မဟာ(၄) တပ်ရင်း (၁၂) ထိန်းချုပ်သည့်နယ်မြေဖြစ်ပြီး ကော်သူးလေအာမီ ဗိုလ်အယ်ခွီး အဖွဲ့၏ လက်အောက်ခံ တပ်ခွဲ(၇)တပ်ဖွဲ့ဝင်များလည်း ထိုနယ်မြေတွင် သွားလာလှုပ်ရှားနေကြသည်။ ပြီးခဲ့သည့် ဇန်န ဝါရီလ ၂၃ရက်ကလည်း KNLA တပ်ရင်း (၁၂)တပ်ဖွဲ့ဝင်များကို အလားတူ ပစ်ခတ်ခဲ့ခြင်းရှိသည်ဟု KNLA ဗဟိုဋ္ဌာနချုပ် က ဇူလိုင်လ ၂၀ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ထားခဲ့သည်။

နှစ်ဖက်တပ်များ လှုပ်ရှားနေသည့် ထိုနေရာသည် မူလက KNLA တပ်ရင်း (၁၂) နယ်မြေဖြစ်နေသော်လည်း ကော်သူး လေအာမီက အခြေစိုက်လှုပ်ရှားနေသောကြောင့် KNU နယ်မြေတာဝန်ရှိသူဘက်က ခရီးမသွားခင်အချိန်တွင် ကော်သူး လေအာမီအဖွဲ့ကို အကြောင်းကြားခဲ့ပြီး သွားလာနိုင်သည်ဟု အကြောင်းပြန်မှုအပြီး သွားလာရာမှ ထိုသို့ပစ်ခတ်ခံရ ခြင်းဖြစ်သည်ဟု KNU ဘိတ်-ထားဝယ်ခရိုင်ဘက်က သတင်းထုတ်ပြန်ထားသည်။

၎င်း KNLA တပ်မဟာ(၄) စစ်ရေးချုပ် ပစ်ခတ်ခံရခြင်းဖြစ်စဉ်နှင့်ပတ်သက်၍ KTLA ထံမှ ရှင်းလင်းသည့် ထုတ်ပြန်ချက် တစ်စုံတစ်ရာ မတွေ့ရှိရသေးပေ။

ထိုလမ်းကြောင်းကို ဖြတ်သန်းသွားလာခွင့် မပြုလုပ်ရန် KTLA ဘက်က အသိပေးစာ ထုတ်ထားပြီးဖြစ်သောကြောင့် ထိုသို့ထုတ်ပြန်ထားသည့်ကြားက ယခုလိုသွားလာပြီး ပစ်ခတ်ခံရခြင်းမှာ ကရင်အချင်းချင်းကြား ကောင်းမွန်သည့် လက္ခဏာမဟုတ်ကြောင်း KTLA စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်စောနယ်ဒါးမြက ကေအိုင်စီသို့ ယခုလို ပြောသည်။

၎င်းက “ကျနော်ကြားတာက သူတို့ကို သူများလာပစ်ဖို့ အဲဒီကို မသွားသေးနဲ့အုံး ပြောထားပြီးတော့ တစ်ရက် နှစ်ရက် အကြားမှာ အဲဒီမှာပစ်ခတ်မှုဖြစ်လာတယ်။ အဲဒီလို ပစ်ခတ်မှုဖြစ်လာတဲ့အပေါ် ကျနော်တို့လူမျိုးအတွက် မကောင်းဘူး ဆိုတာ သိတယ်။ စိတ်မကောင်းပေမယ့်လည်း အကောင်းဆုံးတော့ ကျနော်တို့ ပြန်ညှိနှိုင်းရမှာပေါ့။ ကရင်အချင်းချင်း ဒီလိုပစ်ကြလို့ မရဘူး။ ရှေ့ဆက် ညှိနှိုင်းမှုတော့ လုပ်ရမှာပေါ့။”ဟု ကေအိုင်စီ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ကရင်လက်နက်ကိုင်နှစ်ဖွဲ့ကြားက ပြဿနာဖြစ်ပွားဖြစ်ပြီးနောက် KNU တပ်မဟာ(၄)နယ်မြေအတွင်း တိုက်ပွဲ စတင် နေပြီဟုဆိုကာ နိုင်ငံတကာရှိ KTLA တပ်ဖွဲ့ဝင်များအား တပ်မဟာ(၄)ဘက်ကို ငွေစုပို့ကြရန် KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြ၏ တိုက်တွန်းထားသည့် အသံဖိုင်တစ်ခု အွန်လိုင်းပေါ်တွင် ပျံ့နှံ့လာပြီးနောက်ပိုင်း အခြေအနေ မှာ ပို၍ဆိုးရွားလာသလို ဖြစ်နေသည်။

KNU တပ်မဟာ(၄)နယ်မြေရှိ KTLA လှုပ်ရှားနေရာတွင် လက်ရှိ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ KNLA နှင့်သာ တိုက်ပွဲဖြစ်ပွားခြင်းရှိနေသောကြောင့် KTLA ဗိုလ်ချုပ်စောနယ်ဒါးမြ၏ အသံဖိုင်ဖြင့် စည်းရုံးပြောဆိုချက်မှာ စစ်အာဏာရှင်ကို တိုက်ခိုက်မည့် အရိပ်အယောင်မမြင်ရဘဲ ကရင်အချင်းချင်း KNU ဘိတ်-ထားဝယ်ခရိုင်နှင့် တိုက်ရန် အတွက်သာ နားလည်ကြောင်း KNU တပ်မဟာ (၄)က ဇူလိုင်လ ၁၄ရက်နေ့တွင် ထုတ်ပြန်သည်။

KNU ဘိတ်-ထားဝယ်ခရိုင်ကို KTLA ဗိုလ်အယ်ခွီးဘက်က ရန်သူပမာ ဆက်ဆံလာနေသည့်အတွက်ကြောင့် နောက်ပိုင်း တွင် ရှောင်လွဲရန် ခက်ခဲလာနေပြီး အစည်းအရုံးနှင့် ကရင်တော်လှန်ရေးအတွက် ရန်သူလို ဖြစ်လာနေသောကြောင့် အဖွဲ့အစည်းနှင့် လုပ်ဖော်ကိုင်ဖက်များကို ကာကွယ်ရန်အတွက် ပြန်လည်ခုခံရတော့မည်ဆိုပြီး KNU ဘိတ်-ထားဝယ် ခရိုင်(တပ်မဟာ-၄)၏ ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

၎င်းကိစ္စနှင့်ပတ်သက်ပြီး KNU ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာက “ပြည်တွင်းက လူထုတချို့က တော့ နားလည်ပါတယ်။ ဒါပေမယ့် တချို့ကတော့ အယ်ခွီးနဲ့ သွားပေါင်းတယ်။ သူတို့ရည်ရွယ်ချက်က KNU ကို တိုက် ဖို့မဟုတ်ဘူး။ စစ်အာဏာရှင်ကိုပဲ တိုက်မယ်ပေါ့။ ဒါပေမယ့် အယ်ခွီးဘက်ကတော့ အဲဒီလိုမဟုတ်ဘူး။ အထူးသဖြင့် သူ့ကိုထောက်ပံ့တဲ့ နိုင်ငံခြားရောက်တဲ့သူတွေက ဘိတ်-ထားဝယ်ခရိုင်ကို ပေးကျချင်တယ်။ အယ်ခွီးက တပ်မဟာ(၄) ကို လိုချင်တယ်။ အာဏာလိုချင်တယ်။ သူတို့တပ်တွေကိုနေရာချချင်တဲ့ ရည်ရွယ်ချက်ရှိတယ်။”ဟု ပြောသည်။

ထို့အပြင် ကရင်အချင်းချင်း သွေးထွက်သံယို မဖြစ်စေလိုသော်လည်း KNU-ကရင်အမျိုးသားအစည်းအရုံးကို အကြိမ် ကြိမ် တန်ပြန်ဆန့်ကျင်မှု လုပ်ဆောင်သည့် KTLA ၏ လုပ်ရပ်အပေါ် တားဆီးကာကွယ်ရတော့မည်ဟု ပဒိုစောအယ်နာ က ဆက်ပြောသည်။

“ကျနော်တို့ ကရင်အချင်းချင်းဆိုတော့ သွေးထွက်သံယို ပစ်ခတ်မှုဖြစ်တဲ့အထိ မဖြစ်ချင်လို့ ဖြစ်တယ်။ ကျနော်တို့ အကြိမ်ကြိမ်ပြောပေမယ့်လည်း ကျနော်တို့ KNU ကို ပြန်ဆန့်ကျင်တယ်။ နောက်ဆုံး ကျနော်တို့ စစ်ရေးချုပ်ကို ပစ်သတ်တဲ့အထိ ဖြစ်လာတယ်။ ဒါကြောင့် ကျနော်တို့ ဒါကို သီးခံပြီးနေရမယ့်အဆင့် မဟုတ်တော့ဘူး။ ဒီလိုမျိုး ထပ်မ ဖြစ်ဖို့ကို ကျနော်တို့ တားဆီးကာကွယ်ရတော့မယ်။”ဟု ပဒိုစောအယ်နာက ဆက်လက် ပြောဆိုသည်။

လတ်တလောတွင် KNU တပ်မဟာ(၄)သည် စီးပွားရေးလုပ်ငန်းဆိုင်ရာတွင် စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်သည် ဟု KTLA ဘက်က ယူဆထားသလို KNU တပ်မဟာ(၄)ဘက်တွင်လည်း KTLA သည် ထိန်းချုပ်နယ်မြေရရှိရန်အတွက် ၎င်းတို့ကို တိုက်ခိုက်နေခြင်းသာဖြစ်သည်ဟု နှစ်ဦးနှစ်ဖက် စွပ်စွဲပြောဆိုကြသည်ကို တွေ့ရှိရသည်။

KNU ဘိတ်-ထားဝယ်ခရိုင်သည် KNLA တပ်မဟာ(၄)လက်အောက်ရှိ တပ်ရင်း(၇)၊ တပ်ရင်း(၁၀)၊ တပ်ရင်း(၁၁)၊ တပ် ရင်း (၁၂)နှင့် တပ်ရင်း(၂၀၃) တပ်ဖွဲ့များ အခြေချလှုပ်ရှားသည့် နယ်မြေများဖြစ်သည်။

ပြီးခဲ့သည့် ၂ဝ၂၂ခုနှစ်၊ ဇူလိုင်လတွင် ဗိုလ်ချုပ်စောနယ်ဒါးမြက ဦးဆောင်ဖွဲ့စည်းထားသည့် ကော်သူးလေအာမီ-KTLA ၏ တနင်္သာရီ ဆာကဆော တိုင်းစစ်ဌာနချုပ်တပ်မတပ်ဖွဲ့ဝင်များလည်း တပ်မဟာ(၄)နယ်မြေ၊ ဘိတ်-ထားဝယ်ခရိုင် တွင်သာ အလားတူ လှုပ်ရှားအခြေစိုက်လျက်ရှိသည်။

KNU တပ်မဟာ(၄)နယ်မြေတွင် လှုပ်ရှားနေသည့် KTLA တပ်ဖွဲ့ဝင်များကို ယခင် KNDO အထူးတပ်ရင်းမှ ဗိုလ်အယ်ခွီး (ခ) ကော်လာဖိုး ဦးဆောင်ထားသည်။ KTLA တပ်ဖွဲ့သည် KNU ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ(၄)နယ်မြေအပြင် ဒူးပလာယာခရိုင် တပ်မဟာ(၆)ဘက်တွင်လည်း လှုပ်ရှားလျက်ရှိသည်။

ကရင်အချင်းချင်းကြား ဖြစ်ပေါ်သည့်ပဋိပက္ခများကို လက်နက်ဖြင့်ဖြေရှင်းပါက ဒေသခံကရင်လူထုများသာ ထိခိုက် မည်ဖြစ်ရာ နှစ်ဖက်ခေါင်းဆောင်များ အမြန်ဖြေရှင်းစေလိုကြောင်း တနင်္သာရီတိုင်းရှိ ကရင်လူထုများကလည်း ပြီးခဲ့ သည့် ဖေဖော်ဝါရီလက ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုခဲ့သည်။

၎င်းတို့၏နှစ်ဖက် ပွတ်တိုက်မှုပဋိပက္ခသည် ကရင်လူမျိုးများအတွက် ကောင်းမွန်သည့် လက္ခဏာမဟုတ်သလို နှစ်ဖက် ထုတ်ပြန်ချက်တွင်လည်း ပြဿနာဖြေလျှော့ခြင်းမျိုး မတွေ့ရဘဲ တင်းမာနေသည့် အနေအထားသာ တွေ့ရှိရသည့်အ တွက် ပြည်တွင်းပြည်ပရှိ ကရင်လူထုအကြား ရင်တက်မအေး၊ စိတ်မချမ်းမြေ့စရာဖြစ်စေသည်ဟု ကရင်အရပ်ဖက်အဖွဲ့ အစည်း ခေါင်းဆောင်များက ပြောသည်။

ထို့ကြောင့် လတ်တလောဖြစ်ပွားနေသည့် အချင်းချင်းကြားက ပြဿနာကို အမြန်ဆုံးဖြေရှင်းသင့်ပြီဟု အမည်မဖော်လို သူ ကရင်အရပ်ဖက်အဖွဲ့ ခေါင်းဆောင်တစ်ဦးက ယခုလို အကြံပြုတိုက်တွန်းပြောဆိုလိုက်သည်။

“ဒါ မဖြေရှင်းရင် ဒေသခံတွေပဲ ထိခိုက်မယ်။ KNU ဗဟိုက ဒါကို တာဝန်ယူဖြေရှင်းမှ ရမယ်လို့မြင်တယ်။ ပြီးတော့ သဝခ(KNLA ဗဟိုဌာနချုပ်)ဘက်လည်း ဝင်ပြီးဖြေရှင်းရမယ်။ မဝင်ဖြေရှင်းရင်တော့ ပြဿနာက ကြီးသထက် ကြီးလာ ဖို့ပဲ ရှိတယ်။ ခရိုင်က ဖြေရှင်းရင်တော့ ရမှာမဟုတ်ဘူး။ နှစ်ဦးနှစ်ဖက် တိုင်ပင်ညှိနှိုင်းပြီး ပန်းတိုင်က ဘာလဲ၊ ရန်သူက ဘယ်သူလဲ။ အချင်းချင်း တွေ့ဆုံညှိနှိုင်းသင့်ပြီး။”ဟု ၎င်းအရပ်ဖက်အဖွဲ့ခေါင်းဆောင်က တိုက်တွန်းပြောဆိုသည်။