ဇူလိုင်လ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်ဒေသအတွင်းမှ ဖြတ်သန်းသယ်ဆောင်နေသည့် တရားမ ဝင်ကုန်တင်ကားများသွားလာ၍ ကျေးလက်လမ်းများပိုပျက်စီးလာသော်လည်း ဒေသတွင်း အပစ်ရပ်လက်နက်ကိုင်အဖွဲ့များဂိတ်များမှာ နေ့စဥ် ဝင်ငွေကောင်းနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းဒေသတွင်း တိုက်ပွဲများဖြစ်ပွားနေသည့်အကြားမှ ကြာ အင်းဆိပ်ကြီး၊ ဘုရားသုံးဆူဘက်မှ မြဝတီသို့ တရားမဝင် ခနောက်စိမ်းသတ္တု သံရိုင်းမြေ သတ္တုမြေများ တင်ဆောင်လာသည့်ကားများနေ့စဥ် ဖြတ်သန်းသယ်ဆောင်မှုများကြောင့် ရွာချင်းဆက်လမ်းများ တစ်နှစ်ထက်တစ်နှစ် ပိုပျက်စီးလာနေသည်ဟု ဒေသခံများက ပြောသည်။
ထိုသို့ လမ်းများ ပျက်စီးလာနေသော်လည်း လမ်းလုံခြုံရေး ဂိတ်ချထားသည့် အပစ်ရပ် လက်နက်ကိုင် အဖွဲ့များဖြစ်သော ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)နှင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြား စောင့်တပ်(BGF)အပြင် စစ်ကောင်စီဂိတ်များမှာ ဂိတ်ကြေးကောက်ဝင်ငွေ သိန်းရာချီရနေကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။
၎င်းက “လမ်းတွေပျက်တာ ကားတွေ ဗွက်နွံတွေနစ်တာ ကရိန်းကားနဲ့တောင်ဆွဲ ထုတ်ရ တဲ့အဆင့်ဖြစ်နေတယ်။ အခုက တိုက်ပွဲကသာ ဖြစ်နေပစ်နေတာ တရားမဝင်ပစ္စည်းတွေ၊ လိုင်စင်မဲ့ကားတွေ မောင်းဆင်းနေတာ မြဝတီဘက် ပစ္စည်းတွေ သယ်နေတာက နေ့တိုင်း သွားလာနေကြတာပဲ။ တလောက ခနောက်စိမ်းကားကြီးတွေ၊ သံရိုင်းမြေမှုန့် ၊ ခဲမှုန့် ကားတွေ နေ့တိုင်းဖြတ်သယ်နေတယ် မြဝတီဘက်ကိုပေါ့။ ဒါတွေက ခေတ်ပျက်ချိန် တရားမဝင် လုပ်နေတာတွေ အဖမ်းအဆီးမရှိ လုပ်နေကြတာ” ဟု ကေအိုင်စီသို့ ပြောသည်။
ယခုလို တရားမဝင် သယ်ဆောင်နေသည့်ကားများကို သက်ဆိုင်ရာ KNU-ကရင်အမျိုး သားအစည်းအရုံး တာဝန်ရှိသူများအနေဖြင့် တားမြစ်ခြင်း၊ စုံစမ်းအရေးယူခြင်းမရှိသလို ငွေကောက်ခံနေသည့် အပစ်ရပ်လက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း လမ်းပျက်စီး နေသည့်နေရာများအား ပြုပြင်ပေးခြင်းမရှိကြောင်း အထက်ပါ ဒေသခံရွာသားက ဆက်ပြောသည်။

“အခု အဲ့သတ္တုရိုင်းကားတွေက PC ဂိတ်တို့၊ BGF ဂိတ်တွေကို သိန်းဂဏန်းပေးပြီး ဖြတ် နေကြတယ်။ လိုင်စင်မဲ့ကားတွေ၊ ကျွဲမှောင်ခို၊ နွားမှောင်ခိုကားတွေဆိုလည်း တစ်စီးကို ငွေသောင်းဂဏန်းပေးပြီး ဖြတ်မောင်းသွားနေကြတယ်။ ကော့ကရိတ်ကနေ ကျုံဒိုး အထိက အဲ့လိုငွေတောင်းဂိတ်က ၁၂ ဂိတ် ၁၃ ဂိတ် လောက်ရှိနေတော့ တွက်သာကြည့် တော့ဗျာ၊ လက်နက်ကိုင်တွေ တစ်နေ့ကို သိန်းရာချီပြီးငွေရနေကြတယ်။”ဟု ထိုရွာ သားက ဖြည့်စွက်ပြောသည်။
ထို့အပြင် ကြာအင်းဆိပ်ကြီး-တောင်ကြာအင်းလမ်းပိုင်းတွင်လည်း သတ္တုရိုင်းတင် ဆောင် သည့် ကုန်တင်ကားများကြောင့် လမ်းပျက်စီးမှုများ ပိုဖြစ်လာနေပြီး ဒေသတွင်း ဒူးရင်းသီး သယ်ဆောင်သည့်အပေါ် ဂိတ်ကြေးငွေကောက်ခံသဖြင့် စျေးနှုန်းတင်၍ ရောင်းချရ သည့်အတွက် စားသုံးသူများအနေဖြင့် စျေးပိုပေး၍ ဝယ်စားနေကြရကြောင်း လောင်းကိုင် ကျေးရွာ ဒေသခံဒူးရင်းသီးရောင်းချနေသူတစ်ဦးက ပြောသည်။
၎င်းက“ကိုယ့်ဒေသထွက် ဒူးရင်းသီး၊ မင်းကွတ်သီးကို ကိုယ့်တွန်းလှည်းနဲ့ ကိုယ်တွန်းပြီး သွားတာတောင် တစ်လှည်းကို တစ်ထောင်ကျပ်ငွေကောက်တယ်။ တောင်ကြာ အင်းတံ တားကနေ မြောက်ကြာအင်း၊ ကိုးတိုင်လမ်းဆုံအထိဆို ဂိတ်ကြေးတွေ၊ ကားကြေးတွေ နဲ့ ဒူးရင်းသီးဝယ်စားကြတဲ့ သူတွေဆီမှာထည့်တွက် စျေးတင်ရောင်းမှ ဝယ်စားကြရသလို ဖြစ်နေတော့ စိတ်မကောင်းဘူး” ဟု ပြောသည်။
ထိုသို့ ကော့ကရိတ်ဒေသအတွင်း ကျေးလက်လမ်းများမှတဆင့် တရားမဝင်ကုန်စည် ကားများနေ့စဥ် သွားလာနေ၍ လမ်းများပျက်စီးသည့်အတွက် ဒေသခံများအနေဖြင့် လမ်းပန်းဆက်သွယ်ရေး ပိုမို ခက်ခဲလာနေကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက် ညအချိန်အထိ ကော့ကရိတ်မြို့ ပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်း တပ်များ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သေးကြောင်း မြို့ခံရပ်ကွက်နေ ပြည်သူများ၏ ပြောဆိုချက်အရ သိရသည်။



















