Home သတင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သံတောင်မြောက်ပိုင်းဒေသခံ ၂၀၀၀ကျော် စစ်ဘေးတိမ်းရှောင်ရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သံတောင်မြောက်ပိုင်းဒေသခံ ၂၀၀၀ကျော် စစ်ဘေးတိမ်းရှောင်ရ

1237

ဇူလိုင် ၁၂ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

သံတောင်ကြီးမြို့မြောက်ပိုင်း တောင်ငူ-လိပ်သို-လွိုင်ကော်လမ်းရှိ ယာဒိုကျေးရွာတွင် ယမန်နေ့ မနက်ပိုင်းက နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် ဒေသခံ ၂၀၀၀ကျော် နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်တိမ်းနေရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ် များအရ သိရသည်။

ဇူလိုင်လ (၁၁)ရက်နေ့၊ မနက်(၆)နာရီဝန်းကျင်ခန့်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAနှင့် ပူးပေါင်း တပ်ဖွဲ့များက ယာဒိုကျေးရွာအထက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းကို စတင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီ ဘက်မှ ရဟတ်ယာဥ်ဖြင့် (၄)ကြိမ်ခန့် ပစ်ကူလာသည့်အတွက် ယာဒို၊ ကလေထ၊ ဝါသောခို၊ ပရယ်စို ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံ ရွာသူတစ်ဦးက ပြောသည်။

“အိမ် ၆လုံးကတော့ မီးလောင်ပျက်စီးသွားတယ်။ စစ်ရှောင်ရတာက ရွာ ၄ရွာပေါင်းရင် နှစ်ထောင်ကျော်ရှိတယ်။ ကယား(ကရင်နီ)ပြည်နယ်အစပ်ဖြစ်တော့ အဲ့ဘက်က စစ်ရှောင်တွေလည်း လာနေတာရှိတယ်။ သူတို့တွေပါ ပြေးရ တာပေါ့။ လောလောဆယ်တော့ စစ်ရှောင်တွေက ဖြစ်သလို တောတောင်တွေကြား နေရတယ်။”ဟု သူမက ကေအိုင်စီ သို့ ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက ယာဒိုကျေးရွာနှင့် ဝါသောခိုကျေးရွာများကို အဓိကထား၍ လေကြောင်းသုံး တိုက်ခိုက်ခဲ့သော်လည်း ဒေသခံများက နှစ်ဖက်ပစ်ခတ်မှု စတင်ဖြစ်ပွားချိန်ကတည်းက ကြိုတင်တိမ်းရှောင်ခဲ့ကြသဖြင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိဟု သံတောင်မြောက်ပိုင်းနှင့် ကရင်နီအခြေပြု စစ်ဘေးရှောင်များကို ကူညီပေးနေသူ အမျိုးသား တစ်ဦးကလည်း ယခုလို ပြောသည်။

၎င်းက “ရွာကလူတွေက သေနတ်သံစကြားကတည်းက ကားလမ်းတစ်ဖက်တစ်ချက်က တောတွေထဲ ပြေးပုန်းကြ တယ်။ လက်ရှိ ကျနော်သိထားသလောက်တော့ ဒေသခံထိခိုက်တာ မရှိဘူး။ အဲ့တပ်စခန်းက ယာဒိုရွာနဲ့တွဲထားတာ လေ။ တော်လှန်ရေးအင်အားစုတွေက တိုက်ဖို့ချိန်နေတာကြာပြီ။ လေကြောင်းပစ်ကူလာတော့ ပြန်ဆုတ်ပေးရတယ်။ လောလောဆယ် အဲ့စခန်းမှာ စစ်တပ်အင်အားတိုးချဲ့ထားပြီး ရွာတွေထဲတော့ ဘယ်သူမှပြန်မနေရဲသေးဘူး။”ဟု လက်ရှိ အခြေအနေနှင့်ပတ်သက်၍ ရှင်းပြပြောဆိုသည်။

ယာဒိုတပ်စခန်းအား စတင် တိုက်ခိုက်သည့် KNLA ပူးပေါင်းတပ်ဖွဲ့ဘက်တွင် သံတောင်မြောက်ပိုင်း အထူးဒေသ ကာကွယ်ရေးတပ်ဖွဲ့-NTDF နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့-KNDF လည်းပါဝင်ပြီး စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားစဥ် နှစ်ဖက်ထိခိုက်ဒဏ်ရာရမှုရှိသည်ဟု ကနဦး သိရှိထားသော်လည်း ဆက်လက်အတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

ကရင်နီ(ကယား)ပြည်နယ်နှင့် ရှမ်းပြည်နယ်အစပ်ရှိ ကရင်ပြည်နယ် သံတောင်မြောက်ပိုင်းဒေသတွင် စစ်တပ်က အာဏာသိမ်းယူပြီးသည့်အချိန်မှစ၍ စစ်ကောင်စီနှင့် နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲအကြိမ်ရေ (၇၀)ကျော် ဖြစ်ပွားခဲ့သလို စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားကြောင်း တော်လှန်ရေးအင်အားစုများ၏ ပြောဆိုချက်များအရ သိရသည်။

ထို့အတူ တိုက်ပွဲများဖြစ်ပွားစဥ် စစ်ဘေးတိမ်းရှောင်ရသော ဒေသခံလူထုအနေဖြင့်လည်း လေကြောင်းတိုက်ခိုက်မှုအ ပြင် လက်နက်ကြီးပစ်ခတ်မှု၊ မြေမြှုပ်မိုင်းအန္တရာယ်များလည်း ရှိနေပြီး စစ်ကောင်စီက ဒေသတွင်း ဆန်သယ်ဆောင်မှု ကန့်သတ်ထားခြင်းနှင့် တင်းကြပ်စွာ စစ်ဆေးလုပ်ဆောင်နေမှုများကြောင့် လမ်းပန်းဆက်သွယ်ရေးနှင့် စားနပ်ရိက္ခာ ဝယ်ယူရရှိမှု ခက်ခဲနေကြောင်း ဒေသခံများက ပြောဆိုကြသည်။