Home သတင်း ဆန်သယ်ဆောင်ခွင့် ကန့်သတ်ခံရပြီးနောက် ဆန်ဈေးနှုန်းကြီးမြင့်၍ သံတောင်ဒေသခံများ အခက်ကြုံ

ဆန်သယ်ဆောင်ခွင့် ကန့်သတ်ခံရပြီးနောက် ဆန်ဈေးနှုန်းကြီးမြင့်၍ သံတောင်ဒေသခံများ အခက်ကြုံ

914

ဇွန်လ ၂၈ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်း စစ်ကောင်စီက ပြီးခဲ့သည့်မတ်လမှစ၍ ဆန်သယ် ဆောင်ခွင့်ကန့်သတ်ခဲ့ပြီးနောက်ပိုင်း ဆန်ဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာသဖြင့် မြို့နေ လူထုနေဖြင့် အခက်အခဲများစွာတွေ့ကြုံလာရကြောင်း ထိုဒေသခံများထံမှ သိရသည်။

နယ်မြေခံတော်လှန်ရေးအင်အားစုများအတွက် ရိက္ခာထောက်ပံ့မှုမရရှိစေရန် စစ်ကောင်စီက ဆန် အပြင်ဆေးဝါးသယ်ဆောင်ခွင့်ကိုပါ ကန့်သတ်ထားသောကြောင့် ဆန်တစ်အိတ်ဈေးသည် ယခင် နှစ်သောင်းဝန်းကျင်မှ ယခုရှစ်သောင်းဝန်းကျင်အထိ တဖြည်းဖြည်းမြင့်တက်လာသဖြင့် မြို့နေ ဒေသခံများနှင့် နယ်မြေအခြေအနေမတည်ငြိမ်မှုကြောင့် အလုပ်ကောင်းစွာမလုပ်ကိုင်နိုင်သော စစ်ရှောင်များအတွက် အခက်အခဲများစွာရှိလာသည်ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသည့် ဒေသခံအမျိုး သမီးတစ်ဦးက ပြောသည်။

၎င်းက “ဆန်ဈေးကအမျိုးမျိုးရှိတယ်။ သုခထွန်း တစ်အိတ်ကို ၂၇,၀၀၀ ကနေ တဖြည်းဖြည်းတက် လာတာ ၇၈,၀၀၀ ပေးဝယ်ရတယ်။ တောင်ပေါ်အထိကိုဆို ၈၀,၀၀၀ ကျော်တယ်။ လိပ်သို အထက်ပိုင်းကရွာတွေဆို လိပ်သိုမှာလာဝယ်စားရတာလေ။ ရွာအထိပြန်သယ်ချင်ရင် တစ်အိတ်ကို တစ်သိန်းပေးရတယ်။ စစ်ရှောင်ကူတာသိရင်လည်း အဖမ်းခံရမှာ” ဟု ထိုဒေသခံအမျိုးသမီးက ဆိုသည်။

ထို့အပြင် တောင်ငူ-သံတောင်-လိပ်သို၊ သံတောင်ကြီးဘောဂလိသို့ ဆက်သွယ်ထားသော ကားလမ်း ပေါ်ရှိ စစ်ကောင်စီ၏စစ်ဆေးရေးဂိတ်များတွင်လည်း သတ်မှတ်ထားသည်ထက် ပိုမိုတင်ဆောင် လာပါက ဝယ်ယူလာသောဆန်တစ်အိတ်၏ မူလဈေးနှုန်းဖြင့် ရွေးနိုင်ယူမှသာ ဂိတ်မှဖြတ် သန်းခွင့် ပေးကြောင်း၊ မပေးနိုင်ပါက အပိုဆန်အိတ်များကို ထိုဂိတ်စခန်းမှသိမ်းယူထားလိုက်ကြောင်း ကိုယ် တွေ့ကြုံရသော မော်တော်ယာဥ်မောင်းနှင်သူများက ပြောသည်။

ထိုသို့သောကန့်သတ်မှုများကြောင့် ဆန်ဈေးများမြင့်တက်လာသည့်အတွက် ထမင်းအနပ် လျှော့စားရသည်အထိ ခက်ခဲမှုရှိလာကြောင်း မြို့နေဒေသခံ အခြားအမျိုးသမီးတစ်ဦးကလည်း ယခုလိုပြောဆိုသည်။

“အလယ်အလတ်တန်း ဆန်ဈေးက အရင်ကထက် ၃ ဆလောက်တက်သွားတော့ အိမ်မှာထမင်း တစ်နေ့နှစ်နပ်ပဲစားတော့တယ်။ ဝက်ကျွေးတဲ့ဆန်တောင် အရင်ရှစ်ထောင်ကနေ နှစ်သောင်းဖြစ် သွားတယ်။ တစ်ခုမှအဆင်မပြေဘူး။” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

အလားတူ နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုအခြေအနေများကြောင့် လိပ်သိုဒေသရှိ စစ်ကောင်စီ၏ ထုံးဘိုကြီးတပ်စခန်း စစ်ဆေးရေးဂိတ်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြင် ပြည်သူ့စစ် အမည်ခံ လက်နက်ကိုင်တပ်များကပါ လုံခြုံရေးနေရာယူထားပြီး ဖြတ်သန်းသွားလာသမျှ မော်တော် ယာဥ်များနှင့် ပါလာသောအထုပ်အပိုးများအား စစ်ဆေးကာဆဲရေးတိုင်းထွာ၍ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံကြကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

သံတောင်ကြီးမြို့နယ်တွင် စပါးစိုက်တောင်သူအနည်းစုသာရှိပြီး နှစ်ဖက်တိုက်ပွဲနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် စပါးစိုက်ပျိုး၍မရတော့ဘဲ အများအားဖြင့် နီးစပ်ရာတောင်ငူမြို့မှ ဆန်ဝယ်ယူ စားသုံးနေရသလို ယခုလိုဆန်ဈေးနှုန်းကြီးမြင့်မှုနှင့်ကန့်သတ်မှု၊ စစ်တပ်ဂိတ်စခန်းများမှ ငွေကြေး အဆမတန်တောင်းခံမှုတို့ကြောင့် ကူညီထောက်ပံ့မှုများစွာလိုအပ်နေသည်ဟု စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။