Home သတင်း မူတြော်ခရိုင်တွင် တစ်ရက်အတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု (၂)ကြိမ်ပြုလုပ်

မူတြော်ခရိုင်တွင် တစ်ရက်အတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု (၂)ကြိမ်ပြုလုပ်

1141
Photo-Crd

ဇွန်လ ၂၈ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ မူတြော်(ဖာပွန်)ခရိုင်တွင် ဇွန်လ ၂၇ရက်နေ့တစ်ရက်အတွင်း စစ်ကောင်စီက ၂ ကြိမ်တိုင်တိုင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သည်ဟု ခရိုင်တာဝန်ရှိသူထံမှ သိရသည်။

ယမန်နေ့ နံနက် ၇ နာရီအချိန်တွင် မူတြော်ခရိုင် ဒေဘူးနိုရွာနှင့်နီး ထောထီးပယ်ခိုရွာရှိ လူသူမနေသည့် မျိုးဆက်သစ်စာသင်ကျောင်းကို စစ်ကောင်စီက ဂျက်လေယာဉ် နှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သလို ည ၁၁ နာရီအချိန်တွင် မောလယ်ခို့ကျေးရွာအနီး သင်တန်းကျောင်းတစ်ခုတွင် လာရောက်ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

ဒေဘူးနိုရွာနှင့်နီး ထောထီးပယ်ခိုရွာရှိ မျိုးဆက်သစ်စာသင်ကျောင်း တိုက်ခိုက်မှုတွင် လူထိခိုက်မှုမရှိသော်လည်း စာသင်ကျောင်းအဆောက်အဦး (၄) လုံးပျက်စီးသွားရသည်ဟု ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်က ထုတ်ပြန်ထားသည်။

အဆိုပါကျေးရွာတွင် စစ်ကောင်စီတပ်မှ (၃)ကြိမ်မြောက် လာရောက်ဗုံးကြဲခဲ့ခြင်းဖြစ်သောကြောင့် ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်ခံရပြီးကတည်းက ဒေသခံများသည် ကျေးရွာတွင် မနေထိုင်ကြတော့သည့်အတွက် လူထိ ခိုက်မှုမရှိခြင်းဖြစ်သည်ဟု မူတြော်ခရိုင်ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ကေအိုင်စီသို့ ပြောသည်။

၎င်းက“ လေယာဉ်၂ စင်းနဲ့ ၄ လုံး ဗုံးကြဲတိုက်ခိုက်သွားတယ်။ အဆောက်အဦး(၄)လုံးက ပျက်စီးသွားတယ်။ ကျန်တာတွေက ထိပေမယ့်လည်း ပြန်ပြင်လို့ရသေးတယ်။ ရွာသားတွေထိတာမရှိဘူး။ ဘာကြောင့် ရွာသားတွေမထိတာလဲဆိုတော့ ပထမအကြိမ်လာလေယာဉ်နဲ့လာပစ်ပြီးနောက်ပိုင်း ရွာသားတွေက ကြောက်တော့ လိုက်ရှောင်နေတယ်။ လူထုတွေကရွာမှာမနေတော့ဘူး။ ”ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် မူတြော်ခရိုင်ထဲတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုနှင့် လေယာဉ်တိုက်ခိုက်မှု မကြာခဏ လုပ်ဆောင်သည့်အတွက် ဒေသခံလူထုများသည် ကျေးရွာတွင်ပြန်နေမရဲဘဲ တောတောင်ထဲကိုသာ တိမ်းရှောင်နေရပြီး ယခုလိုမိုးရာသီအချိန်တွင် အခက်အခဲပိုမိုကြုံတွေ့နေရသည်ဟု ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ဆက်လက်ပြောသည်။

၎င်းက “အခုက လူထုတွေက တောတောင်ထဲမှာပဲ တိမ်းရှောင်ရတော့ မိုးရာသီမှာဆိုရင် အမိုးအကာတွေက မလုံ လောက်ဘူး။ အစားအသောက်ရှာဖွေရတာတွေလည်း ခက်ခဲလာတယ်။ ပြီးတော့ တောထဲမှာနေရတော့ ဒီအချိန်ခြင်အရမ်းများတော့ ခြင်ထောင်တွေလည်း မလုံလောက်ဘူး၊ ငှက်ဖျားတွေဖြစ်ပြီး ဆေးဝါးတွေ လည်းလိုအပ်တယ်။ ”ဟု ပြောသည်။

လူထုများနေထိုင်သည့် ကျေးရွာနှင့် စိုက်ပျိုးလုပ်ကိုင်သည့် တောင်ယာနှင့် ဥယျာဉ် ခြံများတွင်လည်း စစ်ကောင် စီဘက်မှ လေကြောင်းတိုက်ခိုက်သည့်အပြင် လက်နက်ကြီးများနှင့်ပစ်ခတ်သောကြောင့် ဒေသခံလူထုများသည် စိုက်ပျိုးလုပ်ကိုင် မရဲကြတော့၍ လာမည့်နှစ်တွင် စားနပ်ရိက္ခာလိုအပ်ချက်ကြီးမားလာနိုင်ကြောင်း မူတြော်ခရိုင်ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ဖြည့်စွက် ပြောသည်။

စစ်ကောင်စီတပ် အဏာသိမ်းပြီးအချိန်မှစတင်၍ ကေအဲန်ယူတပ်မဟာ(၅)နယ်မြေတွင် လေကြောင်း တိုက်ခိုက်ခံရမှုအများဆုံးဖြစ်ကာ စာသင်ကျောင်းအဆောက်အဦး အများဆုံး ပစ်မှတ်ထား ပစ်ခတ်တိုက်ခိုက်ခံရသည်ဟု ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန -KECD၏ ပြုစုထားသည့် စာရင်းအရသိရသည်။