Home သတင်း ကော့ကရိတ်မြို့ပေါ် လက်နက်ကြီးကျည်ကျ၍ အရပ်သား ၁ ဦး‌သေဆုံးပြီး ၃ ဦးဒဏ်ရာရ

ကော့ကရိတ်မြို့ပေါ် လက်နက်ကြီးကျည်ကျ၍ အရပ်သား ၁ ဦး‌သေဆုံးပြီး ၃ ဦးဒဏ်ရာရ

985
Photo-KIC

ဇွန်လ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အခြေစိုက် ခြေလျင်တပ်ရင်း-ခလရ ၉၇ စခန်းရှေ့၌ ယမန်နေ့ ညနေ(၅) နာရီအချိန်ခန့်တွင် လက်နက်ကြီးကျရောက်၍ အရပ်သား ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ထိုလက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွင် မိန်းကလေး ၂ နှစ်ဦးနှင့်ယောကျ်ားလေး ၂ဦး ထိမှန် ဒဏ်ရာရရှိပြီး အသက် ၅၂နှစ်အရွယ် ဦးစိုးမြင့်ဆိုသူမှာ ပွဲချင်းပြီးသေဆုံးကာ ကားတစ်စီးနှင့် ဆိုင်ကယ်နှစ်စီးပျက်စီးသွားခဲ့ကြောင်း အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ပြောသည်။

၎င်းက “အိမ်ရှေ့ပလက်ဖောင်းမှာကျတာ ကျား၂ ယောက်၊ မ ၂ယောက်ထိတယ်။ ‌အသက် ၅၂နှစ် ဦးစိုးမြင့်က ပွဲချင်းပြီး‌ သေဆုံးတယ်။ မိန်းမတစ်ယောက်က ဗိုက်ပေါက်ပွင့်သွားတာ၊ ဖားအံဆေး ရုံပို့လိုက်ပြီ။ ကျန်တဲ့ကျားတစ်ယောက်နဲ့မိန်းမတစ်ယောက်က ဒဏ်ရာဆိုးဆိုးဝါးဝါးမရှိဘူး။ ဆိုင်ကယ် နှစ်စီးမီးလောင်သွားတယ်။ လိုင်စင်ကားတစ်စီးမှန်ကွဲသွားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းလက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွင် တော်လှန်ရေးအင်အားစုဘက်က ပစ်ခတ်ခြင်းဖြစ်နိုင်သလို လှိုင်ဝစစ်‌ကောင်စီအမြှောက်ကုန်းမှ လှမ်းပစ်ခတ်ခြင်းလည်း ဖြစ်နိုင်သည်ဟု မြို့ခံများက သုံးသပ်ပြောဆို ကြသည်။

“တစ်ချို့ကလည်း လှိုင်ဝကပစ်တယ်။ တစ်ချို့ကလည်း ဒရုန်းနဲ့လာပစ်တယ်ပြောတယ်။ မနေ့က ဒရုန်း လာတာမတွေ့ဘူး။ စစ်ကောင်စီကလက်နက်ကြီးပစ်တာ တစ်ခါတစ်လေမြို့ဘက်ကျတယ်။ နည်းနည်း ဖြစ်ရင် မြို့ထဲကျတာ သူတို့(စစ်ကောင်စီ)ဟာတွေဆိုတော့ သူတို့ပဲ သူများသိပ်မယုံသလိုဖြစ်တယ်”ဟု အခြား မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ မြို့တွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များသည် ကော့ကရိတ်မြို့ပေါ်ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို အလျင်းသင့်သလို ဝင်ရောက်ပစ်ခတ်လေ့ရှိပြီး စစ်ကောင်စီတပ်ဘက်မှလည်း လက်နက်ကြီးများ အမြဲလိုလိုပစ်ခတ်လေ့ရှိသည့်အတွက် မြို့တွင်းသို့ မကြာခဏဆိုသလို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလေ့ရှိသည်ဟု ဒေသခံများက ပြောသည်။