Home သတင်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ကြောင်း KRF ထုတ်ပြန်

ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ကြောင်း KRF ထုတ်ပြန်

526
Photo-KRF

ဇွန်လ ၁ ရက်၊၂၀၂၃ ခုနှစ်။ကေအိုင်စီ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံဂိတ်အနီးရှိ စစ်ကောင်စီတပ်များကို ယနေ့ ဇွန်လ(၁)ရက်၊ နေ့လည် ၁၂နာရီခွဲအချိန်ခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်များက ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ Nighthawks ဒရုန်းတပ်ဖွဲ့၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)ပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်းကာ စစ်ကောင်စီတပ်များကို ဒရုန်း ၆၀ မမဗုံးသီး ၂ လုံးနှင့် ၄၀ မမ ဗုံးသီးတို့ဖြင့် ပစ်ချတိုက်ခိုက်ခဲ့သည်ဟု KRF တပ်ဖွဲ့ဝင် တစ်ဦးက ယခုလို ပြောသည်။

၎င်းက “၃ ဦးကတော့ ပွဲချင်းပြီးသေသွားတယ်။ ကျန်တာက ဘယ်နှစ်ဦးထိခိုက်လဲဆိုတာတော့ အတိအ ကျမသိရသေးပါဘူး။ ထိခိုက်တဲ့ဦးရေ များတယ်လို့ပဲ သိထားရတာပါ။ အခုက ဂိတ်မဟုတ်ဘူး၊ ဂိတ်နားက သူတို့ရှိတဲ့နေရာကို သွားပစ်တာ”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့နောက် ကျိုက်ထိုမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ တပ်မ ၄၄ လက်အောက်ခံ ဘိုက္ကားကျေးရွာ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၂ စခန်းကုန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အနီးအနားရှိ လှည်းကမ်းကူး အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာထဲရှိ ဒေသခံပြည်သူ ၆ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ထုတ်ပြန်ထားသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်၏ ထိခိုက်ကျဆုံးမှုများကို တော်လှန်ရေး ပူးပေါင်းတပ်ဘက်က သတင်းထုတ်ပြန် ထားသော်လည်း စစ်ကောင်စီတပ်ဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်၏ လက်နက်ကြီး မကြာခဏ ပစ်ခတ်မှုများကြောင့် ကျေးရွာအတွင်းမှ ဒေသခံပြည်သူများ၏ နေအိမ်၊ စိုက်ပျိုးမြေများနှင့် အသက်သေဆုံးမှုများ ပိုမိုများပြားလာလျက်ရှိကြောင်း KRF ၏ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။