Home သတင်း စစ်ကိုင်းဖိုရမ်သို့ KNU နှင့် PNFC ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့

စစ်ကိုင်းဖိုရမ်သို့ KNU နှင့် PNFC ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့

681
Photo-Sagaing People Defence Force Battalion-3

မေလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ပထမအကြိမ်ကျင်းပပြုလုပ်သော စစ်ကိုင်းဖိုရမ်သို့ KNU-ကရင်အမျိုးသားအစည်းအရုံးနှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC တို့က ယမန်နေ့ မေလ(၃၀)ရက် နေ့စွဲဖြင့် ဂုဏ်ပြုသဝဏ်လွှာများ အသီးသီးပေးပို့ခဲ့ကြသည်။

စစ်ကိုင်းတိုင်းအခြေစိုက်တော်လှန်ရေးအင်အားစုများ ပါဝင်သော အဆိုပါ စစ်ကိုင်း ဖိုရမ်ကို မေလ (၃၀)ရက်မှ (၃၁)ရက်နေ့ ညနေပိုင်းအထိ နှစ်ရက်ဆက်တိုက် အွန်လိုင်းနှင့်မြေပြင် ပုံစံနှစ်မျိုးဖြင့် ကျင်းပပြုလုပ်လျက်ရှိကြောင်း ဖိုရမ်ကျင်းပရေးအဖွဲ့မှ သိရသည်။

KNU ၏ စစ်ကိုင်းဖိုရမ်သို့ပေးပို့သောသဝဏ်လွှာတွင် ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက် ရေးတွင် ရရာလက်နက်စွဲကိုင်ပြီး ပူးပေါင်းတိုက်ပွဲဝင်နေကြသော စစ်ကိုင်းဒေသတော်လှန်ရေး အင်အားစုများအား ဆုမွန်ကောင်းတောင်းပေးထားပြီး စစ်ကိုင်းဒေသခေါင်းဆောင်များအား နိုင်ငံရေးရည်မှန်းချက်ခိုင်မာစွာဖြင့် မတူကွဲပြားမှုကို အင်အားအဖြစ်စုစည်းကာ ယင်းဖိုရမ်မှသည် ညှိနှိုင်းမှုအဆင့်ဆင့်ဖြင့် ဖက်ဒရယ်ယူနစ်တည်ဆောက်ရန် မျှော်လင့်ကြောင်း ပြောဆိုထားသည်။

ထို့အပြင် ခေါင်းဆောင်များအနေဖြင့်လည်း ထိုညှိနှိုင်းမှုများ၊ ဖိုရမ်များဖြင့် ဖက်ဒရယ်ပြည်ထောင်စု သစ်တည်ဆောက်ရေးတွင် ကြုံတွေ့ရမည်ဖြစ်သော စိန်ခေါ်မှုများအား ကျော်လွှားနိုင်မည်ဟု ယုံကြည်သလို ပြည်သူ့လိုအပ်ချက်နှင့် အသက်အိုးအိမ်များအား ကာကွယ်နိုင်ပါစေကြောင်းနှင့် ဖိုရမ်မှတဆင့် နိုင်ငံရေးဆိုင်ရာ စုစည်းကျစ်လစ်နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ အားကောင်း လာနိုင်ပြီး စည်းကမ်းလိုက်နာသည့် တိုက်ပွဲဝင်တော်လှန်ရေးသမားများ မွေးထုတ်နိုင်စေကြောင်း KNU ၏ သဝဏ်လွှာတွင် ဆန္ဒပြုဖော်ပြထားသည်။

ဆက်လက်၍ ဖိုရမ်မှတဆင့် တော်လှန်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ ကာကွယ်ရေး ဆိုင်ရာနှင့် စည်းလုံးညီညွတ်ပြီး စည်းကမ်းလိုက်နာသော တော်လှန်ရေးအင်အားစုများ မွေးထုတ်နိုင် မည့်အခြေခံမူများ ရရှိဖော်ထုတ်နိုင်စေရန် ဆန္ဒပြု၍ ကေအဲန်ယူအနေဖြင့်လည်း ဖက်ဒရယ်ဒီမို ကရေစီပြည်ထောင်စု သစ်တည်ဆောက်ရာတွင် လက်တွဲဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း သဝဏ်လွှာတွင် ပြောဆိုထားသည်။

အလားတူ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC ကလည်း စစ်ကိုင်းဖိုရမ် အောင်မြင်စေရန်နှင့် စစ်ကိုင်းတိုင်းအား စံပြဒေသတစ်ခုဖြစ်လာရန် ဆုမွန်ကောင်း တောင်း၍ သဝဏ်လွှာပေးပို့ဂုဏ်ပြု ထားပြီး စစ်ကိုင်းလူထုအနေဖြင့် လူထုအားဖြင့် သာတော်လှန်ရေးဆင်နွှဲခဲ့သလို နောင်လာမည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်နှင့် ကိုက်ညီသော ဒေသန္တရအုပ်ချုပ်ရေးအဖြစ် ကောင်းမွန်၍ လူငယ်များ ပါဝင်သော ဒေသန္တရအုပ်ချုပ်ရေးအား လူထုကပင်ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ၎င်းတို့၏သဝဏ်လွှာတွင် ဖော်ပြထားသည်။

၎င်းအပြင် တော်လှန်ရေးအောင်မြင်ရန်အတွက် ဒေသအလိုက်မှသည် နိုင်ငံ လုံးဆိုင်ရာ ညီညွတ်ရန်နှင့်ဦးဆောင်မှုခိုင်မာရန်လိုအပ်သလို တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးအစုအဖွဲ့များကလည်း အရေးကြီးသောကြောင့် စုပေါင်းဆွေးနွေးမှု၊ ခေါင်းဆောင်မှု၊ တော်လှန်မှု စံနမူနာ ကောင်းအဖြစ် စစ်ကိုင်းဖိုရမ်ကျင်းပပြုလုပ်ခြင်းကို ဂုဏ်ပြုကြောင်း PNFC က ပြောဆိုထားသည်။

အဆိုပါ စစ်ကိုင်းဖိုရမ်အား KNU နှင့် PNFC တို့မှ သဝဏ်လွှာပေးပို့ဂုဏ်ပြုသလို NUG–အမျိုးသား ညီညွတ်ရေးအစိုးရနှင့် လူမျိုးပေါင်းစုံအထွေအထွေသပိတ်ကော်မတီ-GSCN တို့နှင့် အခြားအဖွဲ့အစည်းများလည်း သဝဏ်လွှာအသီးသီးပေးပို့ခဲ့ကြသည်။