ဇွန်လ ၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့်ဒီမောဆိုမြို့နယ်တွင် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ တမ်းရှောင် လာသူ စစ်ဘေးရှောင်များသည် လက်ရှိတွင် စားနပ်ရိက္ခာများ ပြတ်လပ်မှုနှင့် စတင်ကြုံတွေ့လာရပြီဟု တိမ်းရှောင်လာသူများထံမှ သိရသည်။
အဆိုပါ စစ်ဘေးရှောင်များသည် အချိန်အတော်ကြာ ကူညီထောက်ပံ့မှုမရရှိတော့သဖြင့် ဆန်စားနပ် ရိက္ခာများ ပြတ်လပ်နေကြပြီး အကူအညီများလိုအပ်လျက်ရှိကြောင်း ဖလူဆိုမြို့နယ်မှ အမည်မဖော်လိုသူ စစ်ရှောင်တစ်ဦးက ယခုလို ပြောသည်။
“ထောက်ပံ့မှုမရတာက ၃လ ကျော်ရှိပြီး။ အဓိကတော့ဆန်ပေါ့။ ဆန်ကမရှိတော့ တစ်ချို့ကလိုက်ချေး စားကြတယ်။ ခရစ်ယာန်ဘုန်းတော်ကြီးတော့ အရေးပေါ်ဆန်လာပေးတာရှိတယ်။ လာပေးတာလည်း တကယ့်ရှာစားလို့မရ စားစရာလုံးဝမရှိတဲ့လူပဲပေါ့။ ဆန်ကနည်းတော့ နည်းနည်းပဲရတယ်။ မိသားစု အချို့လည်း ခဏခဏသွားတောင်းဖို့ အားနာတယ်၊ ရှက်တယ်။ တစ်ချို့အသက်ကြီးတဲ့သူဆို ရွာမှာ ကတည်းက သားသမီးတွေ ပစ်ထားတယ်။ ဘေးပတ်ဝန်းကျင်ပဲပေးကျွေးတယ်။ “ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် အဟာရချို့တဲ့သည့်ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများရှိလာသဖြင့် အဟာရရှိသည့် အစားအစာများနှင့်တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက်လည်း ထောက်ပံ့ပေးစေလိုကြောင်း စစ်ရှောင်များက ပြောသည်။
အခြားစစ်ရှောင်တစ်ဦးကလည်း “ကလေးငယ်နှင့်သက်ကြီးသူတွေအတွက် အဟာရရှိတဲ့အစား အစာတွေထောက်ပံ့ပေးစေချင်တယ်။ ဘာဖြစ်လဲဆိုတော့ အဟာရချို့ တဲ့တဲ့ကလေးငယ်တွေရှိတယ်။ နောက်ပြီး တစ်ကိုယ်ရည်သန့်ရှင်းရေး အတွက် ရေချိုးဆပ်ပြာလည်း လိုအပ်နေတယ်”ဟု ပြောသည်။
အလားတူ စစ်ဘေးရှောင်များသည် ဆန်ရိက္ခာအပြင် နေထိုင်ခိုလှုံရာ အဆောက်အဦးအတွက် အမိုး အကာများနှင့် တစ်ကိုယ်ရည်သုံး ပစ္စည်းများလိုအပ်နေကြောင်း သိရသည်။
ဒီးမောဆိုမြို့နယ်တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ခတ်မှုများ၊ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများအပြင် မြေပြင်လှုပ်ရှားမှုများ အမြဲလိုလိုလုပ်ဆောင်နေကြောင်းလည်း မြေပြင်သတင်းအရ သိရသည်။
တိုက်ပွဲများ ပြင်းထန်နေသည့် ဒီးမောဆိုမြို့နယ်မှ ဒေသခံများသည် ဖရူဆိုမြို့အနောက်ဘက်ခြမ်းတွင် တိမ်းရှောင်နေရပြီး ဒီမောဆိုမြို့နယ်နှင့်ဖရူဆိုမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ တစ်သောင်းကျော်ရှိနေကြောင်း စစ်ဘေးရှောင်ဒေသခံများက ပြောသည်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့၏ ပြုစုထားသော စာရင်းအရ ကရင်နီတစ်ပြည်နယ်လုံးတွင် စစ်ဘေးရှောင်ဦးရေ ၂ သိန်းခွဲကျော်ရှိနေကြောင်း သိရှိရသည်။