မေလ ၃၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့မရဲစခန်းနှင့် ခြေလျင်တပ်ရင်း-ခလရ ၅၄၅ ပေါ်သို့ ယမန်နေ့ မေလ ၃၀ရက် နံနက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်း တပ်ဖွဲ့များ ဒရုန်းဗုံးချတိုက်ခိုက်မှုကြောင့် ရဲနှင့်စစ်သား ၅ဦးထိခိုက် ဒဏ်ရာရခဲ့သည်ဟု သိရှိရသည်။
အဆိုပါ ရဲစခန်းနှင့် ခလရ ၅၄၅ တပ်ရင်းတို့ ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် စစ်တပ်ဘက်က လက်နက်ကြီး ပြန်လည်ပစ်ခတ်ခြင်းကြောင့် သရက်တောကျေးရွာသား ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်ဟု ကျုံဒိုးဒေသခံသတင်းအရင်းအမြစ်က ပြောသည်။
ကျုံဒိုးမြို့ခံတစ်ဦးက “မနေ့ မနက် ၉နာရီလောက် ကျုံဒိုးရဲစခန်းနဲ့ ၅၄၅ တပ်ရင်း ဝင်းထဲကို ဒရုန်းဗုံးကျတယ်။ ရဲ ၂ယောက် ၊ စစ်တပ်က ၃ယောက်ထိတယ်။ ၁၀ နာရီလောက်မှာ ၅၄၅ တပ်က လက်နက်ကြီးနဲ့ ကမ်းနီ၊ ညောင်ရိပ်သာဘက်ပစ်တာမှာ သရက်တော ရွာသား ၁ ယောက် သေတယ်။ ၁ယောက်က ဗိုက်ထိပြီး ဖားအံဆေးရုံ ပို့ရတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် မေလ ၂၈ ရက်၊ ည ၈နာရီခန့်အချိန်တွင်လည်း ကျုံဒိုးမြို့နယ် ကော့ကာကျေးရွာကို စစ်တပ် ၂ ခုက လက်နက်ကြီးနှင့် ပစ်ခတ်ရာတွင် ဒေသခံနေအိမ် ၁၀ လုံးခန့် ကျည်ထိမှန်ပျက်စီးပြီး အရပ်သားကလေးတစ်ဦးအပါအဝင် လူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သေးကြောင်း သိရသည်။
“ဒီတစ်ပတ်ထဲမှာတင် ကျိုက်ဒုံ၊ သရက်တော၊ ခနိမ်းမူ၊ ကော့ကာ၊ ကြာအင်းကုန်း၊ ရွာတွေလက်နက်ကြီး ပစ်ခံရတာမှာ လူသေတာ ၄ ယောက်၊ ဒဏ်ရာရတာ ၈ ယောက်အထိ ရှိလာပြီ။ အိမ်တွေခြံတွေ ပျက်တာ တော့ ၃၀ နီးပါးရှိတယ်။ စစ်တပ်က အဝေးကြီးရောက်တဲ့ လက်နက်ကြီးနဲ့ပဲ ပစ်ထုတ်နေတယ်။ လူတွေက စစ်တပ်ရွာတွေဘက် ပတ်သွားနေတာ မရှိတော့ ကိုယ့်နေရာကိုပြန်လာနေကြတာမှာ ထိခိုက်တာတွေ ပြန်ဖြစ်နေတာမျိုးကြုံနေရတယ် ”ဟု ကျုံဒိုးဒေသအတွင်း စစ်ဘေးရှောင်ကူညီပေးရေး လုပ်ဆောင်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။
လတ်တလောတွင် KNLA ပူးပေါင်းတပ်များ ကော့ကရိတ် ဒေသအတွင်းမှာ စစ်ကောင်စီ တပ်များနှင့်နှစ်ဖက် တိုက်ခိုက်မှုမရှိဘဲ စစ်တပ်လက်နက်ကြီးပစ်ခတ်သည့် နေရာများမှ ကျေးရွာများဘက် နေ့စဥ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသောကြောင့် အရပ်သားပြည်သူ နေအိမ်၊ ခြံဝင်း၊ စိုက်ခင်းနှင့် စာသင်ကျောင်း၊ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းများနေ့စဥ် ထိခိုက်ပျက်စီးခဲ့သလို အရပ်သား ထိခိုက် မှုလည်း နေ့စဥ်ရှိနေသည်ဟု စစ်ရေးနယ်မြေအတွင်း ကူညီကယ်ဆယ်ရေး လူပ်ဆောင်နေ သူများထံမှ သိရသည်။