မေလ ၁၀ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ အရှေ့တောနယ်ဒေသရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ငွေကြေးတောင်းခံမှု များ ပိုမိုများပြားလာခြင်းကြောင့် ဒေသခံကားသမားများအနေဖြင့် သွားလာရေးအခက်အခဲများနှင့်ကြုံတွေ့ နေရ ကြောင်း ကားသမားများက ပြောသည်။
အရှေ့တောနယ်ဒေသတွင် စစ်ကောင်စီအခြေစိုက် ဂိတ် (၅) ခုရှိခန့်ရှိပြီး ၎င်းဂိတ်များမှ ယခုမေလ အစပိုင်း မှစတင်ကာ ငွေကြေးကောက်ခံမှုနှုန်း များပြားလာသောကြောင့် ကုန်တင်ကားသမားများ နှင့်ခရီးသည် တင်ယာဉ်များအနေဖြင့် တွက်ခြေမကိုက်ဖြစ်လာကြောင်း ဒေသခံကားသမားတစ်ဦးက ယခုလို ပြောသည်။
၎င်းက “ခရီးသည်ကြေးကတော့ တိုးပြီးကောက်ရတာပေါ့။ အရင်ကတစ်ယောက်နှစ်သောင်းဆို သုံးသောင်းတို့ အဲ့လိုတွေကောက်ရတယ်။ ခရီးသည်ကြေးများလာတော့ ဘယ်သူမှသိပ်ပြီးမသွားကြတော့ ကျနော်တို့အတွက် စားသောက်ရေး မပြေလည်လာတာတွေရှိလာတာပေါ့။” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ခရီးသည်တင်ကားသမားအနေဖြင့်လည်း ဂိတ်ကြေးများကို အဆမတန်ပေးဆောင်နေရသောကြောင့် ခရီးသည်များကို ကားခတိုး၍ကောက်ခံနေရသလို ကုန်တင်ကားသမားများအနေဖြင့်လည်း ကုန်ပစ္စည်း တင်ဆောင်ခွင့်ကို ယခင်ကထက်နှစ်ဆတိုးပြီး ကောက်ခံနေရကြောင်း ၎င်းကားသမားက ဆက်ပြောသည်။
အဆိုပါ စစ်ကောင်စီ ဂိတ်များတွင် ယခင်ကတည်းက ဂိတ်ကြေးကောက်ခံမှုများရှိသော်လည်း ယခု မေလဆန်း ပိုင်းမှစ၍ သတ်မှတ်နှုန်းထားမရှိဘဲ ကားအမျိုးအစားနှင့် ကုန်ပစ္စည်းတင်ယူသယ်ဆောင်မှုအပေါ် မူတည်ပြီး စိတ်ကြိုက်တောင်းနေကြခြင်းဖြစ်ကြောင်း အရှေ့တောနယ် ဒေသခံတစ်ဦးကလည်း ပြောသည်။
၎င်းက “အဲ့ဒီနေရာတွေက အရင်ကတော့ ကောက်တာတွေတော့ရှိတယ်။ အခုလပိုင်းမှာတွေက ကားတစ်စီး ကို နှစ်သောင်း၊ သုံးသောင်းထိပေးနေရတာတွေရှိတယ်။ ခရီးသည်တွေကို ကြည့်ပြီးတော့ တောင်းတယ်။ ကုန်တင် ကားသမားတွေကတော့ ပိုပြီးပေးရတာပေါ့။ အဲ့ဘက်မှာက ကွမ်းသီးကား တွေသွားလာတာ များတော့ သူတို့က ပိုပြီးပေးနေရတာပေါ့။”ဟု ပြောသည်။
အရှေ့တောနယ်လမ်းပိုင်းသည် ထားဝယ်မြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုအများဆုံးနေရာဖြစ်ပြီး စစ်ကောင်စီဘက်က ဆေးဝါးနှင့် စားနပ်ရိက္ခာသယ်ဆောင်ခွင့်ကိုလည်း ကန့်သတ်ထားလျက်ရှိကြောင်း ၎င်း လမ်းပိုင်းကို အသုံးပြုသွားလည်သူများထံမှ သိရသည်။



















