မေလ ၂၉ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ပြည်နယ်ဆေးရုံကြီးနှင့် တောင်ကလေးစစ်ဆေးရုံများတွင် ဒေသခံများ ကျန်းမာရေး ကိစ္စများအတွက် ကန့်သတ်ချက်များရှိနေသည့်အတွက် ပြင်ပတွင်ဖွင့်ထားသော ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများကိုသာ အားထားကုသနေရကြောင်း သိရှိရသည်။
စစ်ကောင်စီက ဆေးရုံဆေးခန်းများကို ၎င်းတို့စစ်တပ်ဌာနဆိုင်ရာ လူနာများအတွက် အသင့်အနေအထား ပြင် ဆင်ခိုင်းထားခြင်း၊ လုံခြုံရေးတိုးမြှင့် စောင့်ကြပ်ခြင်း၊ လူနာနှင့်ရောဂါအခြေအနေအပေါ် ကြည့်ပြီး
ဆေးရုံက အမြန်ဆင်းခိုင်းခြင်းများရှိနေသောကြောင့် အရပ်သားများအနေဖြင့် စစ်ကောင်စီဌာနဆိုင်ရာ ဆရာဝန် များနှင့် လုပ်ငန်းရှင်များပူးပေါင်းပြီး ဖွင့်ထားသော ပုဂ္ဂလိကဆေးကုသသည့်နေရာများကို ပြည်နယ်ထဲမှ ဒေသခံများ အားထားကုသနေရသည်ဟု ပြောဆိုကြသည်။
ဖားအံ မြို့ခံရပ်ကွက်သားတစ်ဦးက “သူတို့ အဲ့ဒီက ဆရာဝန်တွေမြို့ထဲမှာ ကိုယ်ပိုင်ဖွင့်ထားတဲ့ ဆေးရုံ ဆေးခန်း တွေမှာပဲ လူနာကို ဆေးရုံတင်ပြီး ကုမှရတဲ့ ပုံစံဖြစ်နေတာ ကြာပြီ။ စစ်တပ်ဆေးရုံဆိုရင် ဒဏ်ရာရ စစ်သား၊ BGF ဒဏ်ရာရစစ်သား ဒါပဲကုပေးတယ်၊ ဖားအံဆေးရုံဆိုရင် ည ၆နာရီဆိုရင် ပြင်ပလူနာ လက်မခံဘူး ပြောတယ်။ ရက် ရှည်ကုရမယ့် လူနာဆို သူတို့အပြင် ဆေးရုံကို တင်ခိုင်းတယ်။ ဆရာဝန် နဲ့ သူနာပြုတွေ လူစုံ မရှိဘူး ပြောတယ်။ အဲ့တော့ အပြင်ကဆေးရုံ ဆေးခန်းကိုတင်ရတယ် ”ဟု ပြောသည်။
ထို့အပြင် မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ လှိုင်းဘွဲမြို့ရှိ စစ်ကောင်စီထိန်းချုပ်သည့်ဆေးရုံ၊ ဆေးခန်း နေရာများတွင်လည်း စစ်ကောင်စီ တပ်များ နေရာယူထားခြင်းရှိနေသောကြောင့် ကျေးရွာများဘက်မှ ဆေးရုံ တက်ရမည့် လူနာများအနေဖြင့် စစ်ဆေးမေးမြန်း ဖမ်းဆီးခံရမည်ကို စိုးရိမ်မှုများရှိနေကြောင်း သိရှိရသည်။
“နဘူးကနေ ဆေးရုံလာတက်တယ်။ ကျုံဒိုးဆေးရုံက စစ်တပ်က လူတွေရှိနေတယ်။ လူနာနဲ့လူနာစောင့်ကို ရော ဂါနဲ့ မဆိုင်တာတွေ နယ်မြေထဲက PDF အခြေအနေတွေ လာစစ်မေးတယ်။ ရောဂါကုပေးဖို့က ဆရာဝန်က သူ ကိုယ်ပိုင် ဆေးခန်းမှာပြန်ပြီး လူနာကြည့်နေလို့ ဆေးရုံတက်လာတဲ့ သူကဆရာဝန်ပြန်လာတာကို စောင့် နေရ တယ်။ ”ဟု ဆေးရုံ လာတက်သည့် လူနာရှင် တစ်ဦးက ပြောသည်။
ယခုတလော စစ်ကောင်စီထိန်းချုပ်ထားသောဆေးရုံများတွင် ကရင်ဒေသအတွင်း တိုက်ခိုက်နေသည့် စစ်ဆင်ရေး များမှထိခိုက်ဒဏ်ရာရလာသည့် စစ်သားများကုသရန် သွေးလိုအပ်ချက်များရှိလာပါက အရပ်ဖက်နာရေးကူညီမှု၊ လူမှုကယ်ဆယ်ရေးအသင်းမှကတစ်ဆင့် ဖိအားပေး သွေးလှူရှင်ရှာခိုင်းပြီး စစ်တပ်လူနာအတွက် အရေးပေါ် သွေးစုဆောင်းမှုများ နေ့စဥ်ပြုလုပ်နေရသည်ဟု လူမှုကယ်ဆယ်ရေး အသင်းများထံမှ သိရှိရသည်။



















