မေလ ၅ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း-ခလရ (၉၇)က ယနေ့ နံနက် ၇နာရီခွဲဝန်းကျင်တွင် ပစ်ခတ်လိုက်သောလက်နက်ကြီးကြောင့် မြို့၏တောင်ဘက်ပိုင်းရှိ မောင်းမရွာသစ်ကျေးရွာမှ အသက် ၅၈ နှစ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
မောင်းမရွာသစ်ကျေးရွာ အမျိုးသမီးတစ်ဦးက “မနေ့ညကလည်း ရွာမှာအများကြီးကျတယ်။ ဒီမနက်လည်း ထပ်ပစ်သေးတယ်။ ရွာထဲအများကြီးကျတယ်။ နော်မလက်ရဲ့ နားရင်းမှာ ကျည်စထိသွားတယ်။ အစသေးလို့၊ ကြီးရင်တော့မလွယ်ဘူး။ အိမ်ထိလို့ ကံကောင်းတယ်။ အောက်ကျရင်တော့သေမယ်။ ကျည်စကိုတော့ သွားထုတ်ပြီးပြီ”ဟု ကေအိုင်စီသို့ပြောသည်။
ကော့ကရိတ်မြို့အခြေစိုက် ခမရ-၉၇နှင့် လှိုင်ဝကုန်းပေါ်ရှိ စစ်ကောင်စီတပ်များသည် မြို့ပတ်ပတ်လည်ကို အမြဲလိုလို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်လေ့ရှိကာ တစ်ခါတစ်ရံတွင် မြို့တွင်း ရပ်ကွက်ထဲသို့ ကျရောက်ပေါက်ကွဲမှုရှိသည့်အတွက် စိုးရိမ်ကြောက်လန့်နေရသည်ဟု ကော့ကရိတ်မြို့ခံများက ပြောသည်။
“အမြောက်ကုန်းကနေ နေ့ရောညပါ မြို့ပတ်ပတ်လည်ကို အမြဲပစ်ထုတ်နေတယ်။ လှိုင်ဝအမြောက် ကုန်းကနေလည်း ပစ်တာရှိတယ်။ ၉၇ တပ်ရင်းကနေလည်း ပစ်တာရှိတယ်။ တိုက်ပွဲမဖြစ်လည်း သူတို့ က ပစ်ချင်တာပစ်တာပဲ။ ဘယ်မှာပစ်လဲတော့မသိဘူး၊ ရွာသားတွေထိတာတော့ ပြန်ပြန်ကြားနေရတယ်။ တစ်ခါတစ်လေ လှိုင်ဝအမြောက်တပ်ကနေသူတို့ပစ်တဲ့လက်နက်ကြီးက မြို့ပြင်မကျော်ပဲ လူနေရပ်ကွက်ထဲပြန်ပြန်ကျတာရှိတော့ စိုးရိမ်ရတယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။
ကော့ကရိတ်မြို့တွင် စစ်တပ်အာဏာသိမ်းပြီးနောက် နယ်မြေခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ကြား မကြာခဏတိုက်ပွဲဖြစ်ပွားလျက်ရှိသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်လိုက်သော လက်နက်ကြီး ကြောင့် ဒေသခံအရပ်သားပြည်သူများ မကြာခဏထိခိုက်သေဆုံးခဲ့ရသလို အရပ်သားနေအိမ်များလည်း ထိခိုက်ပျက်စီးမှုရှိခဲ့သည်။



















