မေလ ၆ ရက်၊ ၂၀၂၃ခုနှစ်။ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်(တပ်ရင်း-၇)၏ (၅)ကြိမ်မြောက် ကွန်ဂရက်ကို ပြီးခဲ့သည့် မေလ ၃ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည်ဟု သိရသည်။
အဆိုပါ ဆောထိမြို့နယ်ကွန်ဂရက်သည် မြို့နယ်အမြဲတမ်းကော်မတီ ၂၁ဦး ရွေးချယ်တင်မြောက်ပြီး ၎င်းမြို့နယ်အမြဲတမ်းကော်မတီဝင် ၂၁ ဦးမှ မြို့နယ်ထိပ်ပိုင်းခေါင်းဆောင် ၄ ဦး (ကြီး ၄ ကြီး)ကို လျှို့ဝှက် မဲပေးစနစ်ဖြင့် ရွေးကောက်တင်မြောက်ခဲ့သည်ဟု တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်များက ပြောသည်။
ယင်း ကွန်ဂရက်မှ မြို့နယ်ဥက္ကဋ္ဌ ပဒိုစောဖားရက်၊ အတွင်းရေးမှူး ပဒိုစောဘလောကော်မူး၊ တွဲဖက်အတွင်းရေးမှူး ပဒိုစောဂျူးလ်ယယ်နှင့် တရားသူကြီး ပဒိုစောဘွယ်ကျော်တို့ ကြီး(၄)ကြီးကို အပါအဝင် မြို့နယ်အလုပ်အမှုဆောင်ကော်မတီများ၊ ဌာနဆိုင်ရာ ခေါင်းဆောင်များ၊ မြို့နယ်အကြံပေး အရာရှိများ၊ ကြီးကြပ်ရေးကော်မတီများ၊ ဘဏ္ဍာရေးကော်မတီများ၊ နယ်မြေမှူးများ၊ တရားစီရင်ရေး ကော်မတီများ၊ မြို့နယ်ရုံးထိုင်မှူး၊ ဘဏ္ဍာရေးမှူး၊ ပြည်တွင်းနေရပ်စွန့် ခွာရသူ ကရင်ပြည်သူများ ဆိုင်ရာကော်မတီ -CIDKPနှင့် ကရင်ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့- KORDတာဝန်ခံနှင့် ရိက္ခာမှူး စသည့်တာဝန်အသီးသီးပေးအပ်ခဲ့သည်။
ကွန်ဂရက်မှ ရွေးကောက်တင်မြောက်ခံရသည့် အဆိုပါ ခေါင်းဆောင်များမှ ၄ နှစ်အတွင်း လုပ်ဆောင်သွားမည့် ရှေ့လုပ်ငန်းစဉ်များကို ပြန်လည်ချမှတ်လုပ်ဆောင်သွားကြမည်ဟု လည်း ကွန်ဂရက်ကိုယ်စားလှယ်တစ်ဦးက ယခုလို ပြောသည်။
“အစည်းအဝေးထဲမှာတော့ လုပ်မယ့်အလုပ်အကိုင်၊ လုပ်ငန်းစဥ်တွေတော့ မဆုံးဖြတ်ရသေးဘူး။ ခေါင်းဆောင်တွေတော့ရွေးကောက်တင်မြောက်ပြီးပြီး။ လာမယ့် တနင်္လာနေ့မှ ခေါင်းဆောင် တွေပြန်တွေ့ပြီး လုပ်ငန်းစဉ်တွေချမှတ်မယ်”ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။
အဆိုပါကွန်ဂရက်တွင် ညောင်လေးပင်ခရိုင်မှတာဝန်ရှိသူများ၊ အမျိုးသမီးခေါင်းဆောင်များ၊ ကျောက် ကြီးမြို့မှတာဝန်ရှိသူများ၊ ဆောထိမြို့နယ်မှခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ အပါအဝင် လူဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့သည်ဟု ကွန်ဂရက်တက်ရောက်သူကိုယ်စားလှယ်များထံမှ သိရသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဖွဲ့စည်းပုံအရ ဗဟို၊ခရိုင်နှင့်မြို့နယ်အဆင့်ကွန်ဂရက်သည် ၄ နှစ်တစ်ကြိမ်နှင့် ကျေးရွာအုပ်စုအဆင့်ကို ၂ နှစ်တစ်ကြိမ်ကျင်းပပြုလုပ်ရမည် ဖြစ်သည်။



















