Home သတင်း ကော့ကရိတ်တွင် မေလပထမအပတ်အတွင်း စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် အရပ်သား ၉ ဦးဒဏ်ရာရရှိပြီး ၁ ဦးသေဆုံးခဲ့

ကော့ကရိတ်တွင် မေလပထမအပတ်အတွင်း စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် အရပ်သား ၉ ဦးဒဏ်ရာရရှိပြီး ၁ ဦးသေဆုံးခဲ့

722

မေလ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်။‌ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ယခုမေလ ပထမအပတ်တွင်း အာဏာသိမ်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၉ ဦးထိခိုက်ဒဏ်ရာရရှိပြီး တစ်ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။

ယခု မေလဆန်းပိုင်းမှစ၍ ကော့ကရိတ်မြို့ ၉၇ တပ်နှင့် လှိုင်ဝအ‌မြောက်ကုန်းရှိ စစ်ကောင်စီ တပ်များသည် နေ့စဉ်ရက်ဆက် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ရာတွင် မောင်း မရွာသစ်ကျေးရွာမှ ဒေသခံအမျိုးသမီး ၂ ဦး၊ ဇာသပြင်မှ အုတ်လာလုပ်သူ ရွှေ့ပြောင်း အလုပ်သမား ၆ ဦး ဒဏ်ရာရရှိကာ အမျိုးသားတစ်ဦး အသက်သေဆုံးသွားကြောင်း ကော့ကရိတ်မြို့နယ်မှ ရွာသူကြီးတစ်ဦးက ပြောသည်။

၎င်းက”ဒီလ လောလောဆယ်ထိတော့ ၉ ဦးလက်နက်ကြီးထိပြီး တစ်ဦးသေဆုံးတယ်။ ပြီးခဲ့တဲ့စနေနေ့က ဇာသပြင်မှ အုတ်လာလုပ်တဲ့ အလုပ်သမား ၇ဦးထိတာ တစ်ဦးသေသွားတယ်။ စစ်ကောင်စီတပ်တော့ သူများတစ်ချက်နှစ်ချက်လောက်လာပစ်ရင်သူတို့က တစ်နေကုန်ပြန်ပစ်တော့တာပဲ။ ဒီနေ့(မေလ ၈ရက်)လည်း တစ်နေကုန်ပစ်နေတယ်။ အလုံး ၅၀လောက်ရှိမယ်”ဟု ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုအပြင် လူနေအိမ်အဆောက်အဦးနှင့် အိမ်မွေးတိရစ္ဆာန်များလည်း ထိခိုက်သေဆုံးမှုရှိသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“အဆက်မပြတ်ပစ်တော့ပြည်သူ‌အသက်အန္တရာယ်၊ နေအိမ်၊ အသုံးအဆောင်ပစ္စည်း၊ အိမ်‌မွေး တိရစ္ဆာန်စတာ‌တွေထိခိုက်သေဆုံးတာအများကြီးရှိတယ်။ ရန်သူမှန်းမသိ လူထုမှန်းမသိ ဒါက သက်သက်ပြည်သူလူထုကိုလုပ်ကြံသတ်ဖြတ်မှုတစ်ခုပဲ”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်သည် ယခုတလော တိုက်ပွဲများ တစ်စုံတစ် ရာဖြစ်ပွားမှုမရှိသော်လည်း လက်နက်ကြီးများ နေ့ရောညပါပစ်ခတ်မှု လုပ်ဆောင်သည့်နေသည့်အတွက် ဒေသခံအရပ်သားပြည်သူများမှာ စိုးရိမ်ကြောက်လန့်မှုများဖြင့် သွားလာ၊ လုပ်ကိုင်စားသောက်နေရသည်ဟု ဒေသခံများက ပြောသည်။