Home သတင်း စစ်ရေးပစ်မှတ်မဟုတ်သည့် ဘာသာရေးအဆောက်အဦးနှင့် လူနေအိမ်များကို စစ်ကောင်စီ ပစ်မှတ်ထားတိုက်ခိုက်ဟု KNU ဒူးပလာယာခရိုင်ပြော

စစ်ရေးပစ်မှတ်မဟုတ်သည့် ဘာသာရေးအဆောက်အဦးနှင့် လူနေအိမ်များကို စစ်ကောင်စီ ပစ်မှတ်ထားတိုက်ခိုက်ဟု KNU ဒူးပလာယာခရိုင်ပြော

919

မေလ ၉ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ

KNU -ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် အုပ်ချုပ်သည့်နယ်မြေများတွင် စစ်ရေးပစ်မှတ်မ ဟုတ်သည့် ဘာသာရေးအဆောက်အဦးနေရာများ၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်းနှင့် အရပ်သားပြည် သူနေအိမ်များကို စစ်ကောင်စီက လေယာဉ်ဖြင့် ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်နေသည်ဟု KNU ဒူးပလာယာခရိုင်က ပြောသည်။

ဝင်းရေး၊ ကျုံဒိုး၊ နို့တကော်၊ ကော့ကရိတ် စသည့်မြို့နယ်အသီးသီးရှိ စာသင်ကျောင်း၊ ကျေး လက်ဆေးပေးခန်း၊ ဘာသာရေးအဆောက်အဦးနေရာများအပြင် ပြည်သူပိုင်နေအိမ်များပါ စစ် ကောင်စီက တိုက်ခိုက်ရေးလေယာဉ်များဖြင့် ပြီးခဲ့သည့် ဧပြီလအတွင်း ၃၁ ကြိမ်ထက်မနည်း လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ဌာနေလူထုနှစ်သောင်းကျော်လည်း စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု မေလ ၇ ရက်နေ့တွင် KNU ဒူးပလာယာခရိုင် သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

ဒူးပလာယာခရိုင် သတင်းနှင့်ပြန်ကြားရေးဌာနတာဝန်ရှိသူတစ်ဦးက “ စစ်ကောင်စီက လူထုနေ တဲ့ရွာတွေ ဘာသာရေးအဆောက်အဦးတွေ စာသင်ကျောင်း၊ ကျေးလက်ဆေးပေးခန်း နေရာတွေမှာ ဗုံးကြဲလာတယ်။ လူမျိုးတုံးသတ်ဖြတ်မှုတောင်မကဘူး။ မြေလှန်ပြီး ဖျက်ဆီးလုပ်ဆောင် နေတာပါ။ အချို့နေရာတွေက တိုက်ပွဲမရှိတော့ပေမဲ့ သူတို့နေအိမ်မီးလောင်ပါသွားတော့ အတော်လေး ဒုက္ခ ရောက်နေ ကြတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

ပြီးခဲ့သည့် ဧပြီလတွင် စစ်ကောင်စီက လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်သည့်အတွက် မြဝတီ မြို့နယ် (KNU ကော့ကရိတ်မြို့နယ်) အတွင်း မဲကနယ်ဒေသရှိ ဘုန်းတော်ကြီးကျောင်း ၁ လုံး၊ ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်းနှင့် စာသင်ကျောင်း ၃ ကျောင်း ၊ ကျေးလက်ဆေးပေးခန်း ၂ လုံးတို့အား ထိမှန်ပျက်စီးပြီး ကျေးရွာများရှိ အရပ်သားနေအိမ် ၃၈၇ လုံးလည်း မီးလောင် ပျက်စီးသွားခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ်နှင့် ဝင်းရေးမြို့နယ်ရှိ ကျေးရွာများတွင်လည်း ပြီးခဲ့သည့် မေလ ၆ ရက်နှင့် ၈ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီမှ အုန်းခြံရေပူအနီးရှိ ကျေးရွာ တစ်ဝိုက်တွင် လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထို့အတူ ရေးဒေသ ဝါပသဲရွာနှင့် ဘဲလမုရွာအနီးရှိ လူထုနေထိုင်သည့်နေရာများတွင် လာရောက်ဗုံးကြဲ တိုက်ခိုက်မှုလုပ်ဆောင်သည့်အတွက် လူနေအိမ်များနှင့် အရပ်သားများပါ ထိခိုက်ပျက်စီးမှုများရှိသည်ဟု သက်ဆိုင်ရာမြို့နယ် တာဝန်ရှိသူများထံမှ သိရသည်။