Home သတင်း PDF များ လက်နက်အပ်နှံပါက ဆုကြေးငွေပေးမည်ဟု စစ်ကောင်စီပြော

PDF များ လက်နက်အပ်နှံပါက ဆုကြေးငွေပေးမည်ဟု စစ်ကောင်စီပြော

1788

မေလ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

စစ်အာဏာရှင်ကျဆုံးရေးကို တော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ -PDF များ ပြန်လည် ဝင်ရောက်လာပြီး လက်နက်အပ်နှံပါက ဆုကြေးငွေပေးမည်ဟု စစ်ကောင်စီက ယမန်နေ့ ဧပြီလ (၉)ရက်နေ့တွင် ကြေညာချက်ထုတ်ကာ ပြောဆို လိုက်သည်။

အဆိုပါ ဝင်ရောက်လာသူများကို လူသတ်မှု၊ မုဒိမ်းမှု၊ သူတစ်ပါးအပေါ် ထိခိုက်နစ်နာစေမှုစသည့် ပြစ်မှု တစ်ခုခု ကျူးလွန်ထားသူဖြစ်ပါက တရားရုံးတွင်အမှုရင်ဆိုင်ရမည်ဖြစ်ပြီး ပြစ်မှုအတိုင်းအတာပေါ်မူတည်၍ ဥပဒေအရ လိုအပ်သည့်ဖြေလျှော့မှုများကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ အလင်းဝင်လာသူများအနေဖြင့် လက်နက်များ နှင့်အတူပါလာပါက အမျိုးအစားပေါ်မူတည်၍ အနည်းဆုံး ကျပ်ငွေ ၂ သိန်းမှ အများဆုံး ၇၅ သိန်းအထိ ဆုကြေး ငွေပေးမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီက ပြောသည်။

အဆိုပါလက်နက် အမျိုးအစားများဖြစ်သည့် ရိုင်ဖယ်အုပ်စုဝင်သေနတ်တစ်လက် ကျပ် ၅၀သိန်း၊ ပစ္စတို အုပ်စုဝင်တစ်လက် ကျပ် ၂၀ သိန်း၊ ပြောင်းချောသေနတ် ကျပ် ၃၀သိန်း၊ စိန်းပြောင်း၊ လောင်ချာ၊ အာပီဂျီကဲ့သို့ လက်နက်များ ပါရှိပါက ကျပ် ၇၅သိန်း၊ လက်လုပ်စိန်ပြောင်းသေနတ်ပါရှိပါက ကျပ်(၅)သိန်း၊ လက်လုပ်မိုင်း၊ လက်ပစ်ဗုံးများပါရှိပါက ကျပ် ၃ သိန်းနှင့် စကားပြောစက်ပါရှိပါက ကျပ်၂ သိန်းနှင့် ဒရုန်းတစ်စင်းကျပ် ၅၀သိန်း စသည့်ဆုကြေးငွေပေးမည်ဟု စစ်ကောင်စီထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

PDF များကို ဆုကြေးငွေဖြင့် ယခုလို စွဲဆောင်မျှားခေါ်ခြင်းသည် စစ်ကောင်စီဘက်မှ တပ်အင်အားမရှိတော့ဘဲ စစ်ရှုံးနေသည့်အခြေအနေရောက်ရှိနေပြီဖြစ်သည်ကိုပြော၍ရကြောင်း Dawei Collective Colum မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရောင်နီက ယခုလို ပြောသည်။

“သူတို့မှာ တပ်အင်အားဖြည့်ဖို့လည်း အခက်အခဲဖြစ်နေပြီး ထပ်ဖြည့်ဖို့လည်း မရှိတော့ဘူး။ အခုက စစ်ရေးအနေ အထားမှာပြောရမယ်ဆိုရင် ခံစစ်အနေအထားမှာရှိတယ်။ အဲဒီအချိန်မှာသူတို့က အလင်းဝင်တဲ့ပုံစံနဲ့ ဆုကြေး ငွေတွေထုတ်ပြန်ပြီး အာရ်ပဂျီပါရင်ဘယ်လောက်၊ ဒရုန်းတစ်စင်းဘယ်လောက် ဆုငွေတွေ သတ်မှတ်ပြီးတော့ အဲလိုစာထုတ်ပြန်တဲ့အနေအထားတစ်ခုက သူတို့ကိုယ်တိုင်းရှုံးနေပြီးပေါ့နော်။ တော်လှန်ရေး စကားအရ ပြောရမယ်ဆိုရင် ပြည်သူက တောင့်ခံနိုင်တဲ့အပေါ်မှာစစ်တပ်က မခံနိုင်ဘူးပေါ့နော်။ အဲဒါကို ကျနော်တို့နိုင်ပြီးလို့ သတ်မှတ်လို့ရတယ်။ ” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -PDFတပ်ဖွဲ့ဝင်များသည် စစ်အာဏာရှင်ကို တိုက်ထုတ်ရန် ခံယူချက်နှင့် လမ်းစဉ်တစ်ခုကို သွားနေကြသည်ဖြစ်သည့်အတွက် စစ်ကောင်စီလက်အောက်တွင် လက်နက်ချ မည်မဟုတ်ကြောင်းယုံကြည်သလို စစ်အာဏာရှင်ကျဆုံးသည့်အထိ တိုက်ထုတ်သွားမည်ကိုလည်း PDF တပ်ဖွဲ့ ဝင်အရပ်ရပ်ကို ယုံကြည်ကြောင်း Dawei Collective Colum ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရောင်နီက ဖြည့်စွက်ပြောသည်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်သည့် အဖွဲ့အစည်း အတွင်း ရောက်ရှိ သူများကို ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း၊ ပြန်လည်ဝင်လာ သူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများ၊ ရဲစခန်းများသို့ ဆက်သွယ်၍ သတင်းပို့ဝင်ရောက်နိုင်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။