မေလ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် လယ်ဒို (ကျောက်ကြီး) မြို့နယ် လယ်ဝိုင်းကြီးကျေးရွာထဲကို စစ်ကြောင်းထိုး ဝင်လာသည့်စစ်ကောင်စီတပ်က ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးမှုလုပ်ဆောင်ခဲ့သည်ဟု ကေအဲန်ယူ၏ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။
ပြီးခဲ့သည့် မေလ (၉)ရက်နေ့၊ နံနက် (၅)နာရီဝန်းကျင်ခန့်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်က အဆိုပါ လယ်ဝိုင်းကြီးကျေးရွာထဲကို ဝင်ရောက်ကာ ရမ်းသမ်းပစ်ခတ်မှုများလုပ်ဆောင်သည့်အပြင် လူနေအိမ်အဆောက်အဦး၊ ပညာရေးအဆောက်အဦးနှင့်ဘာသာရေးအဆောက်အဦးများကို မီးရှို့ဖျက်ဆီးမှုပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီး မကြာခဏပစ်ခတ်သည့်အတွက် ဒေသခံများမှာ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပြီး ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ရှောင်နေအိမ်များကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်ဟု ကျောက်ကြီးမြို့နယ် လူမှုရေးရာအဖွဲ့ဝင်တစ်ဦးက ပြောသည်။
၎င်းက“ အဲဒီမှာစစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်ပြီး အဲဒီမှာရှိတဲ့ ကျေးရွာတွေကိုPDFတွေ ခိုလှုံ တယ်ဆိုပြီး အိမ်တွေကိုမီးလိုက်ရှို့တယ်။ ရည်ရွယ်ချက်ရှိရှိ ရွာလုံးကျွတ်ရှို့လိုက်တဲ့ပုံစံပေါ့။ ပြီးတော့ လက်နက်ကြီးက နေ့ဘက်မပစ်ရင်ညဘက်ပစ်အဲလိုဖြစ်တယ်။ သူတို့ရန်သူမရှိလည်း ရမ်းသမ်း ပစ်ခတ်တာပဲ။ လူထုတွေက ရွာမှာမနေရဲတာကြာပြီး လိုက်ပြောင်းရွှေ့နေရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ် မီးရှို့သည့်အထဲတွင် လယ်ဝိုင်းကြီးကျေးရွာမှ နေအိမ် (၄၂)လုံးနှင့် စာသင်ကျောင်း တစ်ကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ မူကြိုကျောင်း တစ်ကျောင်းနှင့် ကျေးရွာဘုံပစ္စည်းထားရာ နေရာ အဆောက်အဦးအားလုံး မီးရှို့ဖျက်ဆီးသည့်အပြင် ပိုးလိုးနိုဖိုးကျေးရွာရှိ လူနေအိမ် ၂ လုံးလည်း မီးရှို့ဖျက်ဆီးခံရသည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ပြီးခဲ့သည့် ဧပြီလ (၂၂) ရက်နေ့တွင်လည်း ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း (၄) ခုကို နယ်မြေခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်ဖွဲ့များက တစ်ပြိုင်နက် တက်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ အဆိုပါဒေသတွင် တပ်အင်အားထပ်ဖြည့်ကာ လက်ရှိကျောက်ကြီးမြို့နယ်ထဲတွင် အင်အား ၁၀၀ ကျော်တိုးလာသည်ဟု ဒေသခံများက ပြောသည်။
အိမ်ခြေစုစုပေါင်း (၁၂၁)လုံးရှိပြီး လူဦးရေ (၁၂၀၆)ဦးနေထိုင်သည့် လယ်ဝိုင်းကြီးကျေးရွာနှင့် ပိုးလိုး နိုဖိုးကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဇွန်လ ၂၅ရက်နေ့မှစကာ စစ်ကောင်စီတပ်က ကျေးရွာထဲသို့ လက်နက်ကြီးပစ်ခတ်မှု ဆက်တိုက်လုပ်ဆောင်သည့်အပြင် တွေ့သည့်ဒေသခံများကို ဖမ်းဆီး မှုများလုပ်ဆောင်သည့်အတွက် ဒေသခံများမှာ ရွာတွင် မနေထိုင်ရဲကြတော့ဘဲ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြကာ ယနေ့အချိန်ထိ နေရပ်ပြန်နေမရဲသေးကြောင်း သိရသည်။



















