Home သတင်း ရာဇဝတ်မှုနှင့် ဆက်စပ်သော စီးပွားရေးလုပ်ငန်းကိစ္စ စုံစမ်းစစ်ဆေးအဖွဲ့ ဖွဲ့စည်းပြီး စစ်‌ဆေးမည်ဟု KNU ထုတ်ပြန်

ရာဇဝတ်မှုနှင့် ဆက်စပ်သော စီးပွားရေးလုပ်ငန်းကိစ္စ စုံစမ်းစစ်ဆေးအဖွဲ့ ဖွဲ့စည်းပြီး စစ်‌ဆေးမည်ဟု KNU ထုတ်ပြန်

1031

မေလ ၆ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

မြဝတီတောင်ဘက် မောထိုတလေးနယ်မြေရှိ ရာဇဝတ်မှုနှင့်ဆက်စပ်သော စီးပွားရေးလုပ်ငန်းများတွင် ခေါင်းဆောင်အချို့ပါဝင်နေကြောင်း ဝေဖန်ပြောဆိုမှုများနှင့်ပတ်သက်၍ လွတ်လပ်ပြီးဘက်မလိုက်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ကြောင်း ယမန်နေ့ မေလ(၅)ရက် နေ့စွဲဖြင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ကြေညာချက်ထုတ်ကာ ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၂၃)ရက်နေ့က ကရင်အဖွဲ့အစည်းပေါင်း (၆၈)ဖွဲ့မှ တရားမဝင်လုပ်ငန်းများ လုပ်ကိုင်နေသည့် မောထိုတလေးနယ်မြေရှိ တရုတ်မြို့သစ်စီမံကိန်းတွင် ယခင် KNU ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် ပဒိုစောရောဂျာခင်နှင့် ခေါင်းဆောင်တချို့ ပါဝင်ပတ်သက်နေသည်ကို အရေးယူမှုမရှိသည့်အတွက် အလုပ်အမှုဆောင်ကော်မတီတစ်ဖွဲ့လုံး နုတ်ထွက်ပေးရန် တောင်း ဆိုချက်ကို ၎င်းကိစ္စရပ်သည် ကေအဲန်ယူနှင့်ပတ်သက်မှုမရှိကြောင်း ကေအဲန်ယူက ဖေဖော်ဝါရီလ (၂၆)ရက်နေ့တွင် ရှင်းလင်းချက်ထုတ်ပြန်ထားသော်လည်း ကရင်လူထုများအကြား ကေအဲန်ယူ ခေါင်းဆောင်များအပေါ် ဝေဖန်ပြောဆိုမှုများများပြားနေဆဲဖြစ်သည်။

ထို့နောက် ပြီးခဲ့သည့် ရက်ပိုင်းက ကျင်းပပြီးစီးသွားသည့် ကေအဲန်ယူ၏ (၁၇)ကြိမ်မြောက်ကွန်ဂရက်တွင် အသစ်ပြန်လည်ဖွဲ့စည်းလိုက်သော ဗဟိုအလုပ်အမှုဆောင်ကော်မတီက ကေအဲန်ယူ ခေါင်းဆောင်များအား ထိုသို့‌ရေးသားပြောဆိုမှုများကိုကန့်ကွက်ကြောင်း၊ ဖြစ်စဉ်အမှန်ကို သိရှိဖော်ပြနိုင်ရန် ဗဟိုမှဦးဆောင်ကာ လွတ်လပ်၍ဘက်မလိုက်သည့် စုံစမ်းစစ်ဆေး ရေးအဖွဲ့ဝင်များပါ‌ဝင်သော အဖွဲ့ကိုဖွဲ့စည်းကာ ကေအဲန်ယူ၏ မူဝါဒစည်းမျဉ်းနှင့်အညီ အကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ထုတ်ပြန်ချက်၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက “လွတ်လပ်တဲ့စုံ စမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်ဖို့ ကွန်ဂရက်ရဲ့နောက်ဆက်တွဲလုပ်ငန်းစဉ်တွေ မပြီးပြတ်သေးတဲ့ အတွက် မစတင်ရသေးဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ယခင်ရက်တွေက လိုအပ်တဲ့စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ထားတာရှိပေမယ့် အခုလိုတရားဝင် စုံစမ်းရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးမှု စတင်ဖို့ဆိုတာကတော့ ကွန်ဂရက်ဆိုင်ရာနောက်ဆက်တွဲလုပ်ငန်းတွေ ပြီးပြတ်မှသာစတင်မှာပါ။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စုံစမ်းစစ်ဆေးမှုနှင့်သက်ဆိုင်သော မေးမြန်းမှုများအား လိုအပ်သလို ထုတ်ဖော်ပြောကြား သွား မည်ဖြစ်ပြီး ဥပဒေချိုးဖောက်မှုများ တွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အဖွဲ့ဖွဲ့ပြီး ဘယ်လိုဆောင်ရွက်နေသလဲ၊ ဖြစ်စဉ်တွေက ဘယ်လိုဖြစ်ခဲ့သလဲဆိုတာ အဓိက ဖော်ပြချင်တာဖြစ်တဲ့အတွက် စုံစမ်းစစ်ဆေးရေးတွေ လုပ်နေတဲ့အချိန်မျိုးမှာ သင့်တော်ရင် သင့်တော် သလို ထုတ်ပြန်သွားပါမယ်” ဟု ထုတ်ပြန်ချက်၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်‌စေးက ဆက်ပြောသည်။

ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ယခင် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလကတည်းက မောထိုတလေးနယ်မြေရှိ တရုတ်မြို့ သစ်စီမံကိန်းနှင့်ပတ်သက်သည့် မောလောအိ(မုလအိ)အလင်းကုမ္ပဏီသည် ထိုစီမံကိန်းမှ နုတ် ထွက်သွားပြီး ဖြစ်သောကြောင့် ကေအဲန်ယူနှင့်မသက်ဆိုင်တော့သလို တရုတ်ရာဇဝတ်ဂိုဏ်းများ ပါဝင်နေသော KK Park ဟု လူသိများသည့် လောင်းကစားရုံသည်လည်း ကေအဲန်ယူနှင့်ပတ်သက်မှုမရှိ ကြောင်း ထည့်သွင်းဖော်ပြထားသည်။

ယခင် ကေအဲန်ယူ-ဗဟိုအလုပ်အမှုဆောင်ကော်မတီအနေဖြင့် ဖေဖော်ဝါရီလအတွင်း ရှင်းလင်းချက် ထုတ်ပြန်ရာတွင် ကေအဲန်ယူ နှင့် Huanya International Holdings Group အကြား ပူးပေါင်း ဆောင်ရွက်ရေးအတွက် လက်မှတ်ရေးထိုးခြင်းနှင့် အုတ်မြစ်ချပွဲအခမ်းအနား”ဟု ဆိုင်းဘုတ်တပ် ထားခြင်းခံရသည့်အတွက် ကေအဲန်ယူနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုစောရောဂျာခင်တို့ကို ပြည်သူလူထုများ အထင်အမြင်လွဲမှားမှု ဖြစ်ပေါ်လာရကြောင်း ဖော်ပြထားသည်။

အလားတူ ပဒိုစောရောဂျာခင်ကလည်း မိမိသည် အဆိုပါနယ်မြေတွင်ပြုလုပ်သော မြို့သစ်စီမံ ကိန်းအုတ်မြစ်ချအခမ်းအနားသို့ ဒေသခံမြေပိုင်ရှင်ပြည်သူလူထုကိုယ်စား အသိသက်သေအနေဖြင့် တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း မတ်လ(၁၂)ရက်နေ့တွင် ကေအဲန်ယူ၏ သတင်းနှင့်ပြန်ကြားရေး လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် ရှင်းလင်းပြောဆိုထားသည်။

ကရင်လူမှုအဖွဲ့ အစည်းအဖွဲ့များ၏ ပြောခွင့်ရသူ စောသူးကဘီးကလည်း ပဒိုစောရောဂျာခင်သည် ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင် ကော်မတီအား တင်ပြထားသော်လည်း ကော်မတီကထုတ်ပြန်ရှင်း လင်းခြင်းမရှိသောကြောင့် အဆိုပါကိစ္စရပ်တစ်ခုလုံးတွင် ကော်မတီကတာဝန်ရှိပြီး မေးခွန်း ထုတ်စရာဖြစ်လာကြောင်း ကေအိုင်စီ-ကရင်သတင်းဌာနသို့ ပြောဆိုထားသည်။

မောထိုတလေး(မယ်ထော်သလေး)ရှိ မြို့သစ်စီမံကိန်းသည် ထိုင်းအစိုးရဘက်တွင် တရားဝင်မှတ်ပုံ တင်ရရှိထားသည့် Trans Asia ကုမ္ပဏီနှင့် မြန်မာအစိုးရဘက်မှ တရားဝင် မှတ်ပုံတင်ထားသည့် မုလအိအလင်း ကုမ္ပဏီတို့ ပူးပေါင်း၍ စီးပွားရေးလုပ်ငန်း (၄၈) မျိုးကို လုပ်ဆောင်သွားမည်ဖြစ်သည်။

ထို (၄၈) မျိုးကို တစ်ကြိမ်တည်း မလုပ်ဆောင်ဘဲ ကနဦးအနေဖြင့် လုပ်ငန်း (၄)မျိုး (၅) မျိုးကိုသာ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများတွင် စိုက်ပျိုးရေး ပစ္စည်းရောင်းဝယ်ရေး၊ ဆောက် လုပ်ရေးနှင့်ဆက်စပ်သော ပစ္စည်း ရောင်းဝယ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပါဝင်ကြောင်း လည်း ပဒိုစောရောဂျာခင်၏ ရှင်းလင်းပြောဆိုမှုထဲတွင် ထည့်သွင်းပြောဆိုသွားခဲ့သည်။