Home သတင်း ဖာပွန်−ကမမောင်းလမ်းတွင် တစ်လလျှင် ၅ရက်ခန့်သာ စားသောက်ကုန်သယ်ယူခွင့်ရှိ

ဖာပွန်−ကမမောင်းလမ်းတွင် တစ်လလျှင် ၅ရက်ခန့်သာ စားသောက်ကုန်သယ်ယူခွင့်ရှိ

1371
Photo: Crd.

မတ်လ ၄ ရက်၊ ၂၀၂၃ ခုနှစ်။ကေအိုင်စီ

ကရင်ပြည်နယ် ဖာပွန်−ကမမောင်းလမ်းပိုင်းတစ်လျှောက်တွင် စစ်ကောင်စီ တပ်နှင့် နယ်ခြားစောင့်တပ် (BGF)တပ်ဖွဲ့တို့က ဧပြီလမှစ၍ အခြေခံစားသောက်ကုန်အများအပြား သယ်ယူခြင်းကို တစ်လလျှင် ၅ ရက်ခန့်သာ သယ် ယူခွင့်ပြုထားကြောင်း ဒေသခံများက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး- KNU မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅) နယ်မြေနှင့် ထိစပ်နေသည့် ဖာပွန်−ကမ မောင်းလမ်းပိုင်းကို အသုံးပြု၍ တော်လှန်ရေးတပ်ဖွဲ့များအတွက် ရိက္ခာထောက်ပို့ သယ်ယူနေသည့် သတင်း ကြောင့် BGF တပ်ဖွဲ့များက ဒေသခံရွာသားများကို ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်စသည့် စားသောက် ကုန်များကို ယခုလို ရက်အကန့်အသတ်ဖြင့်သာ သယ်ဆောင်ခွင့် ပြုထားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ယခုလို ပြောသည်။

၎င်းက “ဖာပွန်−ကမမောင်းလမ်းကနေ တော်လှန်ရေးအဖွဲ့တွေကို ရိက္ခာပို့နေတယ်လို့ သတင်းကြားလို့တဲ့ တစ်လကို ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိပဲ သွားလာလို့ရတယ်။ စစ်တပ်နဲ့ BGFတွေက ကျန်တဲ့ရက်တွေ ပေးမသွား တော့ဘူး။ ဆန်တွေဆီတွေမုန့်ပဲသရေစာ အစုံပေါ့။ အဲ့ဒါတွေကို တစ်လစာအတွက် ဝယ်ထားရတယ်။ ဝယ်ပြီး ရင် တစ်လစောင့်ပြီးမှ နောက်တစ်လထပ်သယ်ပေါ့။ ကမမောင်းမှာသွားဝယ်ရတယ်။ တစ်လကို ၅ ရက် သတ်မှတ် လိုက်တာ နှစ်လပဲရှိသေးတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းအပြင် လက်ရှိ နွေရာသီကာလတွင် သံလွင်မြစ်ရေ နည်းပါးနေသောကြောင့် ဖာပွန်လှေဆိပ်ကို အသုံးပြု ၍မရဘဲ ကားလမ်းဖြင့်သာ စားသောက်ကုန်များကို သယ်ယူနေရခြင်းဖြစ်ကြောင်းလည်း အဆိုပါ ဒေသခံ ဆက်ပြောသည်။

ထိုသို့ BGF တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်များက အခြေခံစားသောက်ကုန်များကို ရက်အကန့်အသတ်ဖြင့် သယ်ယူခွင့်ပြုထားခြင်းကြောင့် ဒေသတွင်း စားသောက်ကုန်များလည်း စျေးတက်လာပြီး ဝယ်ယူရန် ကုန်ပစ္စည်းများလည်း ရှားပါးသွားကြောင်း ဒေသခံများက ဆိုသည်။

“သူတို့ပေးသွား ပေးလာရင်တော့ ပိုအဆင်ပြေတာပေါ့။ ပြည်သူတွေပေါပေါလောလောနဲ့စားရတာပေါ့။ အခုက ရက်ကန့်သတ်လိုက်တော့ ပစ္စည်းတွေကရှားသွားတယ်။ ရှားတော့ စျေးတွေကြီးလာတယ်။ ကမမောင်းမှာ ဆန် တစ်အိတ် ၆ သောင်းဆိုရင် ဖာပွန်ရောက်ရင် ၈ သောင်းခွဲဖြစ်သွားတယ်။ ကားခက ၂ သောင်းခွဲပေးရတယ်” ဟု ဒေသခံ တစ်ဦးက ကေအိုင်စီသို့ပြောသည်။

ဖာပွန်−ကမမောင်းလမ်းပိုင်းရှိ အနီးအနားကျေးရွာများတွင် စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်ဖွဲ့များ နှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့များအကြား မကြာခဏ ဆိုသလို နှစ်ဖက်တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး လက်ရှိအချိန်အထိ နှစ်ဖက် ချောင်းမြောင်းပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

အလားတူ နှစ်ဖက်တိုက်ပွဲများလည်း မကြာခဏဖြစ်ပွားနေသလို ယခုလို အခြေခံစား သောက်ကုန်သယ်ယူခွင့် ရက်ကန့်သတ်လိုက်ခြင်းကြောင့် တချို့သော အခြေခံ လက်လုပ်လက်စား အလုပ်သမာများအနေဖြင့်လည်း မိသားစု ဝမ်းရေးအတွက် ခက်ခဲမှုများ ရှိလာသည်ဟု ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ပိုက်ဆံရှိတဲ့သူတွေကတော့ ဆန်တွေ ဆားတွေအချိုမှုန့်တွေ ဝယ်ပြီးသိုလှောင်ထားတာပေါ့။ တစ်ရက်လုပ်မှ တစ်ရက်စားရတဲ့သူတွေအတွက်ကျတော့အဆင်မပြေဘူးလေ။ နီးစပ်ရာအသိတွေဆီကနေပဲ ခွဲပြီး စားနေရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်နယ် ဖာပွန်−ကမမောင်းလမ်းပိုင်းတစ်လျှောက်တွင် အခြေခံစားသောက်ကုန်များကို တစ်လလျှင် ၅ ရက်ခန့်သာ ကားကြီးများဖြင့် သယ်ယူခွင့်ပြုထားသော်လည်း မော်တော်ဆိုင်ကယ်ဖြင့် သယ်ယူလျှင် ကန့်သတ် တားမြစ်ခြင်း မပြုထားကြောင်းလည်း ဒေသခံများထံမှ သိရသည်။