Home သတင်း စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း KNU နယ်မြေထဲတွင် အမျိုးသမီး ၇၇ ဦးသေဆုံးခဲ့

စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း KNU နယ်မြေထဲတွင် အမျိုးသမီး ၇၇ ဦးသေဆုံးခဲ့

623

မေလ ၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှစ၍ ၂၀၂၃ ခုနှစ်အထိ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေထဲတွင် သေဆုံးရ သည့် အမျိုးသမီးဦးရေ ၇၇ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၉၅ ဦးရှိသည်ဟု ကရင်အမျိုးသမီးအစည်းအရုံး Karen Women Organization-KWO ပြုစုထားသည့် စာရင်းအရ သိရသည်။

အဆိုပါ ထိခိုက်၊ သေဆုံးခဲ့ရသည့် အမျိုးသမီး စုစုပေါင်း ၂၇၂ ဦးထဲတွင် အသက် ၁၈ နှစ်အောက် မိန်းကလေးငယ် ၂၇ ဦးပါဝင်ကြောင်း KWO ၏ စာရင်းတွင် ဖော်ပြထားသည်။

KWO အတွင်းရေးမှူးဖြစ်သူ နော်ကညောဖောက “ထိခိုက်သေဆုံးတဲ့အထဲမှာ ပြန်ကြည့်လိုက်ရင် စစ်တပ်ဘက်က လေယာဉ်နဲ့လာပစ်တာပြီးတော့ သူတို့ရှိတဲ့ စခန်းကနေ ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ပစ်တော့ ဒေသခံနေ တဲ့နေရာ လုပ်ကိုင်စားသောက်တဲ့နေရာတွေမှာကျတော့ ထိခိုက်သေဆုံးတာဖြစ်တယ်။ အဲဒီမှာရှိတဲ့ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးတွေက ပိုခံစားရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ထိခိုက်သေဆုံးသည့် အမျိုးသမီးများအနက် စစ်ကောင်စီ၏ လေကြာင်းပစ်ခတ်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှု အရှိန်တိုးမြှင့်လာသည့် မူတြော်ခရိုင်၊ တပ်မဟာ ၅ နှင့် ဒူးပလာယာခရိုင်၊ တပ်မဟာ ၆ အများဆုံးဖြစ်ကာ ၂၀၂၃ ခုနှစ်ဆန်းပိုင်းတွင် ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၃ နှင့် တောင်ငူခရိုင်၊ တပ်မဟာ ၂ တို့တွင် အမျိုးသမီးများ ထိခိုက်သေဆုံးမှုများလာကြောင်းလည်း KWO က ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကေအဲန်ယူထိန်းချုပ်နယ်မြေအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်များသည် အမျိုးသမီးများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ယူအသုံးပြုများ ပိုမိုလုပ်ဆောင်လာသည်ကို တွေ့ရှိရကြောင်း၊ ကေအဲန်ယူနယ်မြေအတွင်းရှိ အမျိုးသမီးများသည် ထိခိုက်သေဆုံးမှု ပိုများလာသည်မကဘဲ အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရမှုလည်း ယခင်ထက် အဆမတန် ပိုမိုများလာသည်ကိုတွေ့ရှိရကြောင်းလည်း KWO က ပြောသည်။

“စစ်အာဏာသိမ်းတဲ့နောက်မှာ အမျိုးသမီးတွေက သေဆုံးမှုများလာတာမကဘဲ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ပြီးတော့မွေးကင်းစအမျိုးသမီးတွေဟာ လိုအပ်တဲ့ဆေးဝါးကုသခွင့်ဆုံးရှုံးမှုများလာတယ်။ သူတို့တွေဟာ စစ်ဒဏ် ကြောင့် တိမ်းရှောင်ရတော့ သားသမီးအတွက် ပိုပြီးစဉ်းစားလာရတယ်။ ဒါကလည်း လူ့အခွင့်အရေး ချိုးဖောက်ခံ ရတာပေါ့။ အခုက စစ်အုပ်ချုပ်တဲ့အတွက် စစ်တပ်ဘက် ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြန်ပြီးအရေး ယူတာတွေမရှိဘူး။ အဲဒါကြောင့် သူတို့ကို အပြစ်ပေးအရေးယူနိုင်ဖို့အတွက် နိုင်ငံတကာ ဝိုင်းပြီး ဖိ အားပေးမှရမယ်”ဟု နော်ကညောဖောက ပြောသည်။

ကရင်အမျိုးသမီးအစည်းအရုံး -KWO၏ ပြုစုထားသည့် စာရင်းအရ စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ မှစတင်၍ ၂၀၂၃ ခုနှစ်အထိ ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်သည့်နယ်မြေထဲတွင် သေဆုံးခဲ့ရသော အမျိုးသမီး၊ အမျိုးသား စုစုပေါင်း ၂၆၁ ဦးရှိကြောင်း ဖော်ပြထားသည်။

ထို့အတူ BWU (Burma Women Union)၏ ထုတ်ပြန်ထားသည့် အမျိုးသမီးများဆိုင်ရာ အချက်အလက်အရ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၂၀၂၃ခုနှစ် ဧပြီလတွင် ဖမ်းဆီးထိန်းသိမ်းခံရသည့်အမျိုးသမီးနှင့် သေဆုံး သည့် အမျိုးသမီးအရေအတွက် တဟုန်ထိုးတိုးလာသလို ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ ၂၀၂၃ခုနှစ် ဧပြီလအထိတွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် အမျိုးသမီး ၃၃၉၀ ဦး၊ ပြစ်ဒဏ်ချမှတ်ခံရသူ ၈၁၉ ဦးနှင့် သေဆုံးသူ ၅၁၃ ဦး ရှိကြောင်း ဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကေအဲန်ယူ နယ်မြေအတွင်း လက်နက်ကိုင်ပဋိပက္ခ ပိုမိုပြင်းထန်လာကာ အရပ်သား ပြည်သူများ ထိခိုက်သေဆုံးမှုများလာသည့်အပြင် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသည့် စစ်ရှောင်ဦးရေလည်း ပိုမိုများလာပြီး ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် -KPSN၏ ထုတ်ပြန်ထ ားသည့်စာရင်းအရ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ခုနှစ်အထိ ကေအဲန်ယူနယ်မြေထဲတွင် စစ်ရှောင်ဦးရေ ၅ သိန်းကျော်ရှိ လာနေကြောင်း သိရသည်။