Home သတင်း ကော့ကရိတ်တွင် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ အပါအဝင် အရပ်သားပြည်သူ ၄၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံရ

ကော့ကရိတ်တွင် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ အပါအဝင် အရပ်သားပြည်သူ ၄၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံရ

885

မေလ ၁၁ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များအပါအဝင် အရပ်သားပြည်သူ ၄၀ ဦးကျော် စစ်ကောင်စီတပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရကြောင်း ကော့ကရိတ်မြို့ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မေလ ၉ရက်မှ ယနေ့ ၁၁ ရက်နေ့အထိ ၃ရက်အတွင်းတွင် ဖမ်းဆီးခံရသူပေါင်း ၄၀ ဦးကျော်ရှိကာ ထိုအထဲတွင် ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုမြတ်ထိုက်၊ ကျူရှင်ဆရာဖိုးဝင်း၊ ကိုစိုးစိုး (ရေခဲရောင်း) ဦးလှမြိုင် ၊ အောင်မြင့်ထွန်း (ရေခဲမုန့်ဆိုင်)၊ ကိုအောင်နိုင် (နာ/ကူ)၊ ဒေါ်ပုလဲဖြူနှင့် ကိုဆာယု (မြေစာရင်း) တို့ ပါဝင်သည်ဟု ကော့ကရိတ်မြို့ခံများက ပြောသည်။

ဖမ်းဆီးခံရသူနှင့် နီးစပ်သူတစ်ဦးက “အပေါ်ကနေစာနဲ့နာမည်နဲ့လာတာကြားတယ်။ ပုလဲဖြူက ကိုမြတ်ထိုက်လည်း ဖမ်းခံထိတယ်။ သူတို့(စစ်ကောင်စီ) တွေဘာလိုချင်လဲတော့မသိဘူး။ ခုထိဘာမှမသိရသေးဘူး။ ဖမ်းတဲ့သူ‌တွေစစ်‌ဆေးမေးမြန်းတယ်လို့ ပဲသိရတယ်။ ပေးတော့ပေးမပြန်လာသေးဘူ”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ၎င်းဖမ်းဆီးခံရသူများထဲတွင် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်၊ သာမန်အရပ်သားများအပြင် စစ်တပ်ထောက်ခံသူများပါ ပါဝင်သည့်အတွက် မည်သည့်အကြောင်းကိစ္စကြောင့် ဖမ်းဆီးသည်ကို မသိရ၍ ကော့ကရိတ်မြို့ခံ ပြည်သူများအကြား စိုးရိမ်မှုမြင့်တက်‌နေကြကြောင်း သိရသည်။

“သတင်းကြားတာတော့ သူပုန်ထောက်ခံသူတွေဖမ်းတယ်လို့ ကြားတယ်။ အခုက ဘာမှမလုပ်တဲ့ ကျူရှင်ဆရာတွေ၊ ပြည်သူတွေပဲဖမ်းတယ်။ ဖမ်းခံထိတဲ့အထဲမှာ စစ်တပ်ထောက်ခံတဲ့သူတွေလည်းပါတယ်။ ဘာကိစ္စနဲ့ဖမ်းလည်းမသိရဘူး။ မြို့ထဲနေတာ အိမ်ပြင်တောင်မထွက်ရဲတော့ဘူး”ဟု ကော့ကရိတ်မြို့ခံတစ်ဦး ကေအိုင်စီသို့ ပြောသည်။

ကော့ကရိတ်မြို့တွင် စစ်ကောင်စီတပ်များသည် အရပ်သားပြည်သူများအပေါ် အကြောင်းမဲ့ ဖမ်းဆီးစစ်‌ဆေးမှုများ လုပ်ဆောင်သည့်အပြင် ၎င်းတို့ စခန်းမှနေ၍ မြို့ပြင် ကျေးရွာများဘက်သို့ အကြောင်းမဲ့ လက်နက်ကြီးများ နေ့စဉ်လိုလို ပစ်ခတ်လေ့ရှိကြောင်း ကော့ကရိတ်မြို့ဒေသခံများက ပြောသည်။