Home သတင်း အာဏာသိမ်း ၂နှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁,၄၀၀ကျော်အနက် ကရင်ပြည်နယ် အများဆုံးဖြစ်နေ

အာဏာသိမ်း ၂နှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁,၄၀၀ကျော်အနက် ကရင်ပြည်နယ် အများဆုံးဖြစ်နေ

609

မေလ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂ နှစ်ကျော်ကာလအတွင်း ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွင် ကရင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်ခံရမှုအများဆုံး ကြုံတွေ့ခဲ့ရကြောင်း ယခုနှစ် မေလအတွင်း ထုတ်ပြန်သည့် ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ မေလ ၂၂ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းအသုံးပြု သတ်ဖြတ်မှုနှင့် နိုင်ငံတကာ၏ ရပ်တည်ချက် ခေါင်းစဉ်ဖြင့် ထုတ်ပြန်သော ညဏ်လင်းသစ်သုတေသနအဖွဲ့၏ အစီရင်ခံစာပါ အချက်အလက်များအရ ၂၀၂၁ခုနှစ်မှ ယခုနှစ် ၂၀၂၃ခုနှစ်ဧပြီလအထိ ပြုစုထားသော အချက်အလက်များတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ကောင်စီ ၏ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ (၁၄၂၇) ကြိမ်ရှိခဲ့ပြီး တိုင်းနှင့်ပြည်နယ်အလိုက် စာရင်းပြုစုမှုအရ ကရင် ပြည်နယ်တွင် (၃၂၂) ကြိမ်အထိရှိသည်ဟု ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ဆန္ဒပြမှုများသူများကို အာဏာသိမ်းစစ်ကောင်စီမှ အကြမ်း ဖက် ဖြိုခွင်းမှုများပြုလုပ်ခဲ့ပြီးနောက် လက်နက်ကိုင်ဆန့်ကျင်တော်လှန်မှုများစတင်ခဲ့ပြီး တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းများထိန်းချုပ်ရာ နယ်စပ်ဒေသများအပြင် ပြည်မကြီးအထိပါ လက်နက်ကိုင်တော်လှန်မှု ပြန့်သွား ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုဖြင့် အပြင်းအထန် ပြန်လည်တုန့်ပြန်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစီရင်ခံစာ အချက်အလက်အရ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ တစ်ထောင်ကျော်အနက် ၂၀၂၁ ခုနှစ် အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၅၃ ကြိမ်၊ ၂၀၂၂ ခုနှစ်တွင် ၈၂၀ ကြိမ်နှင့် ယခုနှစ် ၂၀၂၃ ဧပြီလ အထိ (၄၅၄) ကြိမ်ရှိကာ ဒေသအလိုက် ဖော်ပြမှုတွင် ကရင်ပြည်နယ်တွင် အကြိမ်ရေအများဆုံးဖြစ်သည်။ စစ်ကိုင်းတိုင်းတွင် ၂၉၅ ကြိမ်အဖြစ် ဒုတိယအများဆုံးနှင့် ကရင်နီတွင် ၁၈၄ ကြိမ်အဖြစ် တတိယအများဆုံး လေကြောင်း တိုက်ခိုက် ခံခဲ့ရကြောင်း ဖော်ပြထားသည်။

ထို့အပြင် မြို့နယ်အလိုက်လေကြောင်းတိုက်ခိုက်မှုအမြင့်ဆုံး မြို့နယ်များတွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် တွင် (၁၆၄)ကြိမ်၊ ဖာပွန်မြို့နယ်တွင် (၆၁)ကြိမ် နှင့် ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်တွင် (၁၀၉) ကြိမ်ဖြင့် အမြင့်ဆုံး ကြုံတွေ့ခဲ့ရပြီး အာဏာသိမ်းပြီးနောက် ၂ နှစ် နှင့် ၄ လ ရက်အားဖြင့် ရက်ပေါင်း (၈၅၀)ရက်အတွင်း ၃ရက်တွင် တစ်ရက်နှုန်းဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆက်လက်၍ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား အမြင့်ဆုံးထိခိုက်သေဆုံးသွားသော မြို့နယ်များတွင် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် ၁၈၈ ဦး၊ ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ၆၆ ဦး နှင့် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ၃၉ ဦး အထိရှိကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

The World Directory of Modern Military Aircraft (WDMMA) ၏ ဖော်ပြချက်ကို ကိုးကား၍ စစ်ကောင်စီတွင် လေယာဉ် စုစုပေါင်း ၂၉၂ စင်း ပိုင်ဆိုင်ထားပြီး ၂၃၄ စင်းမှာအသုံးပြုရန် အနေအထားတွင်ရှိကြောင်း နှင့် လေကြောင်းတိုက်ခိုက်မှုများကိုလည်း တိုက်လေယာဉ် နှင့် ရဟတ်ယာဉ်များကို အဓိကထား အသုံးပြုနေပြီး စစ်ကောင်စီထံတွင် တိုက်လေယာဉ်အမျိုးအစား (၆) မျိုး၊ ရဟတ်ယာဉ်အမျိုးအစား (၈) မျိုးအထိရှိကာ အထူးသဖြင့် ဆိုဗီယက်၊ တရုတ်၊ ရုရှား၊ ပိုလန်၊ ပြင်သစ် နှင့် အမေရိကန်ထုတ် လေယာဉ်အမျိုးစားများ ပါဝင်သည်။

စစ်ကောင်စီ၏ လတ်တလော စစ်ရေးလှုပ်ရှားမှုများတွင် အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်ပြီး တော်လှန်ရေးအင်အားစုများအပေါ် အောင်မြင်စွာ ချေမှုန်းနိုင်ရေးအတွက် အဓိက သော့ချက်အနေဖြင့် စစ်ကောင်စီက ရှုမြင်နေကာ လူသားချင်းစာနာထောက်ထားမှု အကြပ်အတည်းများကို ဖန်တီးပြီး လူထုကို အကြမ်းဖက်နည်းလမ်းဖြင့် လက်အောက်ခံဖြစ်အောင် ဖိအားပေးလုပ်ဆောင်သည့် နည်း ဗျူဟာဖြစ်ကြောင်းလည်း အစီရင်ခံစာတွင် ထောက်ပြထားသည်။

ထိုသို့ လေကြောင်းတိုက်ခိုက်မှု မြင့်မားလာခြင်းနှင့် အရပ်သား ထိခိုက်သေဆုံးမှု မြင့်မားခြင်းတို့ကို ရပ်တန့်စေရန် သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းတချို့မှ ကုလ သမဂ္ဂလုံခြုံရေးကောင်စီကို လေယာဉ်ပျံသန်းမှု ကင်းမဲ့ဇုန် သတ်မှတ်ပေးရေးတောင်းဆိုခဲ့သော်လည်း ယနေ့အချိန်ထိ နိုင်ငံတကာက တုန့်ပြန်ဆောင်ရွက်ခြင်းမရှိသေးကြောင်း တွေ့ရသည်။

၎င်းအပြင် စစ်ကောင်စီထံ လေယာဉ်ဆီ တင်ပို့ရောင်းချခြင်းနှင့် လက်နက်ခဲယမ်း ရောင်းချနေသည့် နိုင်ငံတကာ ကုမ္ပဏီများအပေါ် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်သွားရန် အရပ်ဖက်အဖွဲ့အစည်းများ၏ တောင်းဆိုမှုကို နိုင်ငံ တကာမှအရေးယူ ပိတ်ဆို့မှုတချို့ကို လုပ်ဆောင်ခဲ့သော်လည်း ကျန်ရှိသေးသော စစ်လေယာဉ်ရောင်းချမှု ကုန်သွယ်ဖက်နိုင်ငံများကို အရေးယူ ပိတ်ဆို့ရန်လည်း ဆက်လက်ဖိအားပေး တောင်းဆိုမှုများရှိနေသည်။

အလားတူ စစ်ကောင်စီ၏ လေကြောင်းအသုံးပြုသတ်ဖြတ်မှုနှင့် ပတ်သက်ပြီး နိုင်ငံတကာ ရပ်တည်ချက်များ သည်မခိုင်မာသေးကြောင်းနှင့် စစ်ကောင်စီကို ကျောထောက်နောက်ခံပေးထားသလိုဖြစ်စေသည့် မူဝါဒများ ကြောင့် ၂ နှစ်ကျော်ကာလအထိ စစ်ကောင်စီအနေဖြင့် စစ်အာဏာကျင့်သုံးရန်အခွင့်သာစေသည့် အခြေအနေ ကိုပေးထားသေးကြောင်းလည်းလည်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ အစီရင်ခံစာ တွင် ဝေဖန်ထောက်ပြထားသည်။