Home သတင်း BGF တပ်စခန်းတိုက်ခိုက်ခံရပြီး တပ်ခွဲမှူးအပါအဝင် တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးကြောင်း KNU ထုတ်ပြန်

BGF တပ်စခန်းတိုက်ခိုက်ခံရပြီး တပ်ခွဲမှူးအပါအဝင် တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးကြောင်း KNU ထုတ်ပြန်

610

မေလ ၂၄ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေရှိ နယ်ခြားစောင့်တပ် -BGF တပ်ရင်း ၁၀၁၃ တပ်စခန်းကို မေလ(၂၀)ရက်၊ ညနေ ၄ နာရီခွဲအချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA လက်အောက်ခံတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး BGFမှ တပ်ခွဲမှူးစောဘာယို အပါအဝင် တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးသွားခဲ့ကြောင်း မူတြော်ခရိုင်သတင်းစဉ်က ယနေ့ သတင်းထုတ်ပြန်ထားသည်။

ကတိုင်တိ နှင့် ထီးကဆောမဲကျေးရွာကြားတွင် စခန်းချဆက်ကြေးကောက်ခံမှုများကြောင့် တိုက်ခိုက်ခြင်းဖြစ်ပြီး KNLA အမှတ်(၅) တပ်မဟာလက်အောက်ရှိ တပ်ရင်း (၁၀၂)နှင့် တပ်ခွဲများစုပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု မူတြော်ခရိုင်သတင်းစဉ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ −မူတြော်ခရိုင်ဒေသတွင် နယ်ခြားစောင့်တပ်−BGF တပ်များ နှင့် စစ်ကောင်စီတပ်များက ၎င်းနယ်မြေရှိ ကျေးရွာအတွင်းမှ ဒေသခံပြည်သူလူထုများ၏ ပစ္စည်းများနှင့် အစား အသောက်များကို ခိုးယူစားသောက်နေကြောင်းလည်း KNU မူတြော်ခရိုင် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလ(၁၉)ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင်လည်း အဆိုပါ BGF−၁၀၁၃ တပ်ရင်းမှူး မောင်လှကြိုင်၏ အမိန့်ပေးစေခိုင်းခြင်းကြောင့် ဖိုဃဲထာကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး ကျေးရွာအတွင်းရှိ အသက်(၂၁)နှစ်အရွယ် စောကျော်ခူ၏ ညာဖက်ညိုသကြီးနှင့် ညာဖက်နို့အုံ့ထိမှန်ခဲ့ကာ စောဖါးကျော်နှင့် စောမူးမယ်ပါး၏ အိမ် ၂ လုံးကိုလည်း ထိမှန်ပျက်စီးခဲ့ကြောင်း အဆိုပါ သတင်းထုတ်ပြန် ချက်တွင် ဖော်ပြပါရှိသည်။