Home သတင်း ပြောက်ကျား တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ကြောင်း KNU တပ်မဟာ ၅ ထုတ်ပြန်

ပြောက်ကျား တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ကြောင်း KNU တပ်မဟာ ၅ ထုတ်ပြန်

846
Photo: KNU

မေလ(၂၆)ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၅) နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်သားများကို ယခု မေလ(၂၃) ရက်နေ့ တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA က ပြောက်ကျားဖြင့် ဝင်ရောက်ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း KNU ၏ မူတြော်ခရိုင်သတင်းစဉ်က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

မူတြော်(ဖာပွန်)ခရိုင် လယ်မူပလောမြို့နယ်၊ ယိုဒိုခိုနှင့် ယူဂိုလော်ဒေသတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို KNLA အမှတ် (၅) တပ်ရင်းများက ပြောက်ကျားဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းပစ်ခတ်မှုတွင် KNLA ဘက်မှ အထိအခိုက် အကျအဆုံးမရှိကြောင်း ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ စစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် မာထောအခြေစိုက် စစ်ကောင်စီတပ်ဘက်မှ ဒွယ်လိုးမြို့နယ် မာထော ကျေးရွာအုပ်စုရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပြန်လည် တုန့်ပြန်ပစ်ခတ်ခဲ့ပြီး ဃော်ကလား ကျေးရွာတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် အသက် ၅၃ နှစ်အရွယ် စောဖါးတီးပြကို လက်နက်ကြီးကျည်ထိမှန်ကာ သေဆုံး ခဲ့ကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

၎င်းအပြင် ဖာပွန်အခြေစိုက် စစ်ကောင်စီအမြှောက်တပ်မှ ဖာပွန်မြို့မြောက်ဘက်ရှိ ကလော်ထာကျေးရွာအုပ်စုနှင့် ဘောသေ ထာကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီး ၁၄ လုံးပစ်ခတ်ခဲ့ပြီး ကလိုထီးကလိုးနှင့် ထူမောဒဲရွာ ရော်ဘာခြံ အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သော်လည်း ဒေသခံပြည်သူများ တစ်စုံတရာထိခိုက်မှုမရှိခဲ့ကြောင်း ကေအဲန်ယူက ဆိုသည်။

အလားတူ ပြီးခဲ့သည့် မေလ(၂၀)ရက် ညနေပိုင်းအချိန်တွင် နယ်ခြားစောင့်တပ် -BGF တပ်စခန်းကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် KNLA လက်အောက်ခံ တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး BGF မှ တပ်ခွဲမှူး စောဘာယို အပါအဝင် တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးသွားခဲ့ကြောင်းလည်း ကေအဲန်ယူဘက်က သတင်းထုတ်ပြန်ထား သေးသည်။

စစ်ကောင်စီ၊ (BGF)ပူးပေါင်းတပ်များနှင့် ကေအဲန်ယူ တပ်မဟာ (၅) လက်အောက်ခံ KNLAတပ်ရင်း တပ်ဖွဲ့ဝင်များ အကြား ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေဆဲဖြစ်ပြီး တိုက်ပွဲကြောင့် တိမ်းရှောင်နေကြသော ဒေသခံပြည်သူများလည်း ယနေ့အချိန်ထိနေရပ်မပြန်နိုင်ကြသေးကြောင်း ဒေသအတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။