မေလ ၂၆ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီ၏ ဌာနဆိုင်ရာ အကြီးအကဲ မိသားစုဝင်များအနေဖြင့် လုံခြုံရေးအရ မိမိနေရပ်ရင်း မြို့ရွာ ၊ရပ်ကွက် များတွင် မနေထိုင်ကြတော့ဘဲ ထိုင်း-မြန်မာ နယ်စပ် မြဝတီ မြို့ ဘက်ရှိ ဟိုတည်၊ တည်းခိုခန်း နှင့် ၎င်းတို့ ပိုင်ဆိုင်သည့် အိမ်ယာခြံကွက်များတွင်လာရောက် ရှောင်တိမ်းနေထိုင်နေကြကြောင်း မြဝတီ မြို့ ရှိ စစ်တပ်နှင့် ဌာန ဆိုင်ရာအကြီးအကဲ များနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
မြဝတီမြို့ပေါ် ရှိ စစ်ကောင်စီတပ်၊ နယ်ခြားစောင့် (BGF)တပ် နှင့် စစ်တပ်ထောက်ခံသူ လုပ်ငန်းရှင်များ ၊ စစ်တပ် နှင့် စီးပွားရေးအရ ဆက်ဆံနေသည့် လုပ်ငန်းရှင်များပိုင်ဆိုင်သည့် ဟိုတည် နှင့် တည်းခိုခန်း အချို့တို့တွင် ၎င်းတို့ မိသားစုဝင်များက လာရှောင်တိမ်းနေထိုင်ကြသည်မှာ လနှင့်ချီ၍ ရှိပြီးဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော် လိုသည့် သတင်းအရင်း အမြစ်တစ်ဦးက အခုလို ပြောသည်။
“မြဝတီက ဟိုတည်တွေမှာ စစ်တပ်မိသားစုတွေ စစ်တပ်ဝန်ကြီးဌာနတွေက လူကြီးမိသားစုတွေ လနဲ့ ချီပြီး လာ တည်းနေတာတွေရှိတယ်။ တချို့က သူတို့တာဝန်ကျစဥ်က မြဝတီမှာ ခြံကွက်တွေရတာ အိမ်တွေ ဆောက်ထား တာတွေရှိတယ်။ အဲ့ဒီမှာ လာနေနေကြတယ်။ တချို့ကြတော့လည်း မြဝတီက BGF တွေ နဲ့ ပတ်သက်ပြီး လုံခြုံ မယ်ထင်လို့ လာနေ နေကြတာမျိုးတွေလည်းရှိနေတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် လာရောက်တိမ်းရှောင်သူများထဲမှ တချို့မှာ စျေးဆိုင်များ ဟန်ပြ ဖွင့်ထားကြတာမျိုးရှိသလို အခု လက်ရှိ မြဝတီ ကာစတန်(အကောက်အခွန်)ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများနှင် လူဝင်မှုကြီး ကြပ်ရေး (လဝက)ဝန်ထမ်း မိသားစုများအနေဖြင့်လည်း လိုင်းခန်းများတွင် မနေကြတော့ဘဲ စစ်တပ် နှင့်ပူးပေါင်း ၍ စီးပွားရေး လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များ၏ ဟိုတည်များနှင့် တည်းခိုခန်းများတွင် နေထိုင်ခွင့် ပေးထား တာမျိုးရှိကြောင်းလည်း အဆိုပါ သတင်းအရင်းအမြစ်က ဆက်ပြောသည်။
အဆိုပါ မြဝတီမြို့တွင် စစ်တပ်၊ BGF၊ ပြည်သူ့စစ်၊ ပျူစောထီးနှင့် စစ်တပ်ထောက်ခံသူ အစုအဖွဲ့ များက မြို့ လုံခြုံရေးအတွက် စနစ်တကျ ပြင်ဆင်ထားတာမျိုးရှိသလို အာဝါဒေး လောင်ကစားဝိုင်းများ၊ ဇာတ်ပွဲ၊ အငြိမ့် ပွဲများ ဖြင့် စည်းကားအောင် ပြုလုပ်ပြီး အကာအကွယ်ယူနေကြကြောင်းလည်း မြဝတီမြို့ခံတစ်ဦးက ပြောသည်။
“မြို့ က စစ်တပ်ရှိတယ်။ BGF ရှိတယ်။ ပြည်သူစစ်ရှိတယ်။ လုံခြုံရေးက မြို့ထဲကို PDF နဲ့ ကရင်အဖွဲ့တွေ ဝင်ပစ် လို့မရအောင် စောင့်ကြပ်နေတယ်။ အာဝါဒေး ပွဲခင်းတွေ လုပ်ခွင့်ပြုထားတယ်။ စိတ်မပူကြနဲ့ဆိုပြီး စစ်တပ် ထောက်ခံတဲ့ အုပ်စုတွေက ပြောပေမယ့် လက်တွေ့ ကြတော့ သူတို့ နေရာတွေကို လာတိုက်မှာကြောက်လို့ အကာအရံတွေ လမ်းပိတ်ပေးမသွားတာတွေကြောင့် နေ့တိုင်းဆိုင်ကယ်တွေ ကားတွေ သွားမရအောင်လမ်းတွေ ပိတ်ကြပ်နေတယ်။ သူတို့အပြင်ကို မထွက်ရဲကြဘူး။ အုပ်စု နဲ့ဘဲ ထွက်ရဲ ကြတော့တယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
လတ်တလောတွင် မြဝတီမြို့ပြင်ရှိ ကျောက်မိုင်းဒေသ၊ ဝေါလေဒေသ နှင့် ဒေါနတောင် လမ်းဟောင်း လမ်းပိုင်း ဘက်များတွင် KNLA ပူးပေါင်းတပ်ဖွဲ့များ နှင့် စစ်ကောင်စီ စစ်ကြောင်းများ အကြား ပြောက်ကြား ပစ်ခတ် တိုက်ခိုက်မှုများ ဆက်ရှိနေသေးပြီး စစ်ကောင်စီဘက်မှ လေကြောင်းအသုံးပြု တိုက်ခိုက်မှုများအပြင် ကျေးရွာ များအတွင်း လက်နက်ကြီး ပစ်ခတ်မှုများနှင့် ကင်းထောက်လေယာဥ် ပျံသန်းမှုများကြောင့် စစ်ရေးတင်းမား နေ သည့် အခြေအနေတွင် ဆက်လက်ရှိနေသေးကြောင်း KNU တပ်မဟာ (၆) စစ်ရေးနယ်မြေ သတင်းအရင်း အမြစ်များက ဆိုသည်။