Home သတင်း နိုင်ငံတကာအနေဖြင့် CDM များအား လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအဖြစ် အသိအမှတ်ပြုကူညီပေးရန် KHRG ပြော

နိုင်ငံတကာအနေဖြင့် CDM များအား လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအဖြစ် အသိအမှတ်ပြုကူညီပေးရန် KHRG ပြော

760

မေလ ၂၆ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ

နွေဦးတော်လှန်ရေးတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ဝန်ထမ်းများ၏ အခန်း က အရေးကြီးမှုကို နိုင်ငံတကာအနေဖြင့် ပိုမိုနားလည်သဘောပေါက်၍ ၎င်းတို့အား လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ-HRD များအဖြစ် အသိအမှတ်ပြုကူညီပေးရန် ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG က ယမန်နေ့ မေလ(၂၅)ရက်နေ့တွင် ပြောဆိုသည်။

ယမန်နေ့က ပြုလုပ်သည့် KHRG နှင့် မြန်မာအရပ်ဖက်အဖွဲ့ (၁၈)ဖွဲ့ ပူးတွဲရေးသားပြုစုထားသော “အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု–မြန်မာ့နွေဦးတော်လှန်ရေး၏ အုတ်မြစ် တစ်ခု၊ စစ်အုပ်စု အာဏာသိမ်းရန် ကြိုးပမ်းမှုကျရှုံးရခြင်း၏ နောက်ကွယ်မှ အင်အားစု” အမည်ရှိ အစီရင်ခံစာထုတ်ပြန်မှုနှင့်ပတ်သက်၍ ကေအိုင်စီက ဆက်သွယ် မေးမြန်းရာတွင် KHRG ပြောခွင့်ရ စောနန္ဒဆူးက ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

၎င်းက “ကျနော်တို့ KHRG ကလည်း လူ့အခွင့်အရေး အဖွဲ့အစည်းဖြစ်တာနဲ့အညီ CDM လုပ်ဆောင်တဲ့ ဝန်ထမ်းတွေဟာ လူ့အခွင့်အရေး မြှင့်တင် ကာကွယ်ပေးနေသူဖြစ် ကြောင်း အသိအမှတ်ပြု လက်ခံသလို သူတို့ကြုံတွေ့ရတဲ့ အခက်အခဲ စိန်ခေါ်မှု တွေအပေါ် ပံ့ပိုးကူညီမှုတွေ ဒီထက်ပိုမိုရရှိစေလိုတဲ့ အတွက်ကြောင့်မို့လို့ ဒီပူးတွဲအစီရင်ခံစာမှာ ပါဝင်ရတာပါ။” ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ ပူးတွဲအစီရင်ခံစာတွင် CDM တွင်ပါဝင်သူများအနေဖြင့် စစ်ကောင်စီ၏ အကြမ်းဖက်ဖမ်းဆီးမှုများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာရသူများဖြစ်လာပြီး အများအားဖြင့် ကေအဲန်ယူအုပ်ချုပ်နယ်မြေများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို ထိုနယ်မြေများရှိ လက်နက်ကိုင်ပဋိပက္ခများကြောင့် စစ်ဘေးရှောင်တိမ်း ရှောင်နေရသော ဒေသခံပြည်သူများနည်းတူ လူသားချင်းစာနာရေးအကူအညီများ ရရှိရန် လိုအပ်နေကြောင်း ဖော်ပြထားသည်။

ဆက်လက်ပြီး ယင်းအစီရင်ခံစာတွင် ပြည်ပရောက် မြန်မာနိုင်ငံသားတစ်ဦး တစ် ယောက်ချင်းသည်သာမက ပြည်တွင်း၊ ပြည်ပရှိ အသင်းအဖွဲ့များမှ မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာများတွင် ထောက်ပံ့ပေးနေသော်လည်း စစ်ကောင်စီ၏အကြမ်းဖက်မှုကြောင့် ထပ်မံဖြစ်ပေါ်လာသော အကျပ်အတည်း များ အတွက် လုံလောက်မှုမရှိခြင်း၊ နိုင်ငံတကာနှင့်ကုလသမဂ္ဂ၏ ပုံမှန်ရန်ပုံငွေလမ်း ကြောင်း ရောက်ရှိမလာဘဲ CDM များ၏ လိုအပ်ချက်နှင့်ယှဥ်လျှင် အချိုး ညီမျှမှုမရှိ ကြောင်း ဆိုထားသည်။

ယမန်နေ့က အွန်လိုင်းဖြင့် ပြုလုပ်ခဲ့သော အစီရင်ခံစာ ထုတ်ပြန်ခြင်း သတင်းစာရှင်း လင်းပွဲတွင် CDM များ၏ အခြေအနေနှင့် ပတ်သက်၍ အစီရင်ခံစာပူးတွဲရေး သားသောအဖွဲ့များအနက် တစ်ဖွဲ့အပါအဝင်ဖြစ်သော ရှေ့ပြေး အသံအဖွဲ့ တည်ထောင်သူနှင့်ဥက္ကဋ္ဌ မခင်ဥမ္မာကလည်း ယခုလို ပြောသည်။

“CDM အတွက်ပံ့ပိုးမှုတွေက တခြားထက်စာရင်နည်းတဲ့အတွက် ရေရှည်ရပ်တည်မနေ နိုင်ကြတော့ တာတွေရှိ လာတယ်။ ကုလသမဂ္ဂရဲ့လူ့အခွင့်အရေး ကာကွယ်စောင့် ရှောက်သူဆိုင်ရာ ဖွင့်ဆိုချက် တွေနဲ့အညီ CDM တွေဟာလည်း လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ ဖြစ်ပါတယ်။ တစ်ဦးချင်းရဲ့အခွင့်အရေးကြောင့်ဖြစ်စေ၊ အများကြောင့်ဖြစ်စေ လုပ်ဆောင်နေတာဖြစ်တဲ့အတွက် CDM တွေကိုပံ့ပိုး ပေးဖို့လိုပါတယ်။” ဟု ၎င်းက ပြောသည်။

နိုင်ငံတကာအလှူရှင်များအနေဖြင့်လည်း CDM တွင်ပါဝင်သူများအား မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ အခြေခံရပိုင်ခွင့်၊ လွတ်လပ်ခွင့်များအား ကာကွယ်မြှင့် တင်ပေး နေသည့် HRD များအဖြစ် အသိအမှတ်ပြုကူညီရာတွင် နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှတဆင့် ကူညီခြင်းသည် အထိရောက်ဆုံးဖြစ်ကြောင်းနှင့် နိုင်ငံတ ကာလူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်ရန်လိုကြောင်း အစီရင်ခံစာမှတဆင့် တိုက်တွန်းပြောဆိုထားသည်။

အဆိုပါ အစီရင်ခံစာကို KHRG အပါအဝင် မြန်မာ့အမျိုးသမီးသမဂ္ဂ၊ မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း၊ ကချင်အမျိုးသမီးအစည်းအရုံး – ထိုင်းနိုင်ငံ၊ ကရင်နီအမျိုးသမီးအစည်းအရုံး၊ ကယန်းအမျိုးသမီး အစည်းအရုံး၊ ပအိုဝ်းအမျိုး သမီးသမဂ္ဂနှင့် ရှေ့ပြေးအသံအဖွဲ့ အစရှိသည့် အဖွဲ့ပေါင်း (၁၉)ဖွဲ့က ပူးတွဲရေးသားပြုစုခဲ့ခြင်းဖြစ်သည်။

၎င်းအစီရင်ခံစာရေးသားထုတ်ပြန်နိုင်ရန် HRD များ၊ CDM ပါဝင်သူများနှင့် တွေ့ဆုံ မေးမြန်းမှု (၂၀)ကျော်နှင့် သုတေသနပြုလုပ်ခြင်းများ လုပ်ဆောင်ခဲ့ရကြောင်း မေလ(၂၅)ရက်နေ့က ရှေ့ပြေးအသံအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် အွန်လိုင်းဖြင့်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲအရ သိရသည်။