Home သတင်း ကျုံဒိုးမြို့နယ်ရှိ ကမ်းကူးဖောင်များ ဆက်ပိတ်ထားသောကြောင့် ဒေသခံများ သွားလာရေးခက်ခဲနေ

ကျုံဒိုးမြို့နယ်ရှိ ကမ်းကူးဖောင်များ ဆက်ပိတ်ထားသောကြောင့် ဒေသခံများ သွားလာရေးခက်ခဲနေ

924
Photo: CJ

မေလ ၂၆ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကျုံဒိုးမြို နှင့် အနောက်ဘက်ကမ်း ကျေးရွာများသို့ ကူးသန်းသွားလာသော ကမ်းကူးဖောင်များကို မတ်လ အတွင်း ဖြစ်ပွားသည့် ကျုံဒိုး မြိုပေါ် တိုက်ပွဲကြောင့် ပိတ်ထားရာမှ စစ်ကောင်စီက ယနေ့အချိန်ထိ ပြန်လည် ဖွင့်လှစ်ပေးခြင်းမရှိသေးသောကြောင့် ဒေသခံ ပြည်သူများအနေဖြင့် ဈေးဝယ် သွားလာရေး အတွက် အခက်အခဲ ဖြစ်စေကြောင်း ကျုံဒိုးမြို့ခံများက ပြောသည်။

ကျုံးဒိုးမြို၏ အနောက်ဘက်ကမ်းရှိ ကျေးရွာအုပ်စုများမှ ပြည်သူ လူထုများသည် ဈေးဝယ် သွားလာခြင်း အတွက် အဆိုပါ ကမ်းကူးဖောင်များကို အဓိက အားထား အသုံးပြုနေကြရပြီး မတ်လ ၂၅ ရက်နေ့က ဖြစ်ပွား ခဲ့သည့် တိုက်ပွဲဖြစ်စဉ်ကြောင့် စစ်ကောင်စီဘက်က သွားလာခွင့်ပိတ်ပင်ထားပြီး ယနေ့ အချိန်ထိ ပြန်လည် သွားလာခွင့်မပေးသေးကြောင်း ကမ်းနီ ကျေးရွာဒေသခံ တစ်ဦးက ယခုလို ပြောသည်။

၎င်းက “ကျနော်တို့ အစက ဖောင်ရှိနေတော့ ဈေးဝယ်ဖို့အဆင်ပြေတယ်။ အခုက လုံးဝအဆင်မပြေဘူး။ ဒီဘက်မှာ ဈေးက နှစ်ဆ တက်နေတယ်။ သုံးထောင်တန် ‌ဆီးတစ်ဗူးက ဒီဘက်ရောက်ရင် လေးထောင်ဖြစ် သွားတယ်” ဟု ကေအိုင်စီ သို့ပြောသည်။

ယခုလို ကမ်းကူးဖောင် ပိတ်ထားသောကြောင့် အနောက်ဘက်ကမ်းရှိ ကျေးရွာဒေသများဖြစ်သော ကမ်းနီ၊ ညောင်ရိပ်သာ နှင့် သရက်တော အစရှိသည့် ‌ပြည်သူများ အနေဖြင့် သွားလာရေး အခက်အခဲ ဖြစ်နေသောကြောင့် ကမ်းကူးဖောင် ကို ပြန်လည်း ဖွင့်ပေးစေလိုကြောင်းလည်း ဒေသခံများက ဆိုသည်၊ ကျုံဒိုးမြိုပေါ် ဈေးသည်တစ်ဦး က “ဖောင်မကူးတော့ အခုဈေးတန်းမှာဝယ်သူနည်းလာတယ်။ အဲ့ဘက်က လူတွေကို ပိုအားထားပြီး ရောင်းရတာ။ အခုလို‌ ဖောင်မကူးတော့ ဝယ်သူပါးနေတယ်”ဟု ကေအိုင်စီ သို့ ပြောသည်။

Photo: CJ

စစ်ကောင်စီမှ အခုလို ကမ်းကူဖောင် ပိတ်ထားသလို စက်လှေအသေးစားများဖြင့် လူတစ်ဦး နှင့် ပစ္စည်း များအနည်းငယ်သာ သယ်ဆောင်ခွင့် ပြုသောကြောင့် တစ်နိုင်တစ်ပိုင် ဈေးရောင်းသူများ နှင့် ကုန်စုံဆိုင် ဖွင့်ထားသူများအတွက်လည်း ပစ္စည်းပြတ်လပ်သည့် အခက်အခဲများဖြစ်နေကြောင်း ကျုံဒိုး တစ်ဖက်ကမ်း ရှိ ဒေသခံများက ဆိုသည်။

အလားတူ စစ်ကောင်စီသည် ကော့ကရိတ်မြိုတောင်ပိုင်းရှိ မြို့ အဝင်လမ်းများ နှင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ တွင်းလမ်းများကို ဖျက်ဆီးထားသောကြောင့် ဒေသခံပြည်သူများ ဈေးဝယ်ရေး နှင့် ကျန်းမာရေး ဆိုင်ရာ ကိစ္စများအတွက် သွားလာ သယ်ယူ ပို့ဆောင်ရေးအတွက် အခက်အခဲများရှိနေကြောင်းလည်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

ပြီးခဲ့သည့်မတ်လ ၂၅ ရက်နေ့က ကျုံဒိုးမြို့ပေါ်ရှိ ရဲစခန်းနှင့် စစ်ကောင်စီ အခြေစိုက်စခန်းများကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကော်သူးလေးအာမီ(KTLA) စသည့် ပူးပေါင်းတပ်ဖွဲ့များက ဝင် ရောက် တိုက်ခိုက်ခဲ့ခြင်းကြောင့် နှစ်ဖက် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး မြို့တွင်း နေအိမ် ၃၀ ကျော်လည်း ထိခိုက်ပျက်စီး သွားခဲ့သေးသည်။