Home သတင်း KNU အသွင်ယူ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရမိခဲ့

KNU အသွင်ယူ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရမိခဲ့

1058
Photo: Venom Column

ဧပြီလ ၁၈ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ မဲကနယ်ကျေးရွာအတွင်းသို့ ယနေ့ ဧပြီလ(၁၈)ရက်နံနက် ၆ နာရီအချိန်တွင် ကရင်အမျိုးသားအစည်းအရုံး-KNU ယူနီဖောင်းဝတ် အသွင်ယူစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို ကော်ဘရာစစ်ကြောင်း (၂ )၊ Venom Column စစ်ကြောင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၂ ဦးသေ ဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရမိခဲ့ကြောင်း Venom Column စစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ မဲကနယ်ကျေးရွာတွင် စစ်ကြောင်းမှူး ဗိုလ်ကြီးစောဒါဘောဦးဆောင်သည့် ကော်ဘရာစစ်ကြောင်း၊ စစ်ကြောင်း (၂) Venom PDF စစ်ကြောင်းနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်မှ ၎င်းနယ်မြေ အတွင်းသို့ လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင်ဝင်ရောက်မှုများ မရရှိသောကြောင့် KNU ဘက်တံဆိပ် ယူနီဖောင်း ဝတ်ဆင်၍ ဝင်ရောက်လာခြင်းဖြစ်သည်ဟု Venom Column စစ်ကြောင်း၏ သတင်းပြန်ကြားရေးတာဝန်ခံ တစ်ဦးက ယခုလိုပြောသည်။

“လက်ရှိတိုက်ပွဲဖြစ်နေတဲ့မဲကနယ်မှာ ဗိုလ်ဒါဘောရဲ့ ဦးဆောင်မှုအောက်ကပဲ COBRA စစ်ကြောင်း( ၂) Venom PDF စစ်ကြောင်းတို့ ရင်ဆိုင်နေတာ ရက်နည်းနည်းကြာပါပြီး။ လက်နက်ကြီးနဲ့ပစ်လိုက်လေယာဉ်လာလိုက်နဲ့ မြေပြင်က ထိုးဖောက်ဖို့ ကြိုးစားတဲ့ စကစတွေနဲ့ တောက်လျှောက်ရင်ဆိုင်လာရာမှာ သူတို့ဘက်ကဘယ်လိုမှ ထိုးဖောက်ဖို့မလွယ်တဲ့ အတွက် ဒီနေ့မနက်မှာ ပုံမှားရိုက်ထိုးတက်လာပြီး။ အခုထိ တိုက်ပွဲဖြစ်နေတုန်းပါပဲ”ဟု ပြောသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်ဘက်မှ တစ်စုံတစ်ရာထုတ်ပြန်လာခြင်းမရှိသေးပေ။

ယမန်နေ့ည ၁၁ နာရီခွဲအချိန်တွင်လည်း မြဝတီမြို့ မဲကနယ်ကျေးရွာနှင့်နီးစပ်သည့် နေရာများတွင်လည်း လက်နက်ကြီးပစ်ခတ်သံများ ကြားနေရကြောင်း မြို့ခံများက ပြောသည်။

ထို့အပြင် မဲကနယ်ကျေးရွာနှင့် နီးစပ်သည့် ဒေသများတွင်လည်း တိုက်ပွဲဖြစ်ပွား နေဆဲရှိ နေသောကြောင့် ဒေသခံရွာသား ၂၀၀ ကျော်မှာ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရဆဲရှိနေကြောင်း စစ်ရှောင်ကူညီသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “မဲ့ကနယ်ဒေသဘက်မှာက စစ်ရှောင် ၂၀၀ ကျော်လောက်ရှိသေးသည်။ မနေ့က အိုးတွေခွက်တွေသွားပေးထားတယ်။ လက်ရှိက တိုက်ပွဲဖြစ်နေသေးတော့ ရှောင်လာတဲ့သူတွေတိုးနေသေးတယ်။ တစ်ခြားနေရာတွေဘက်ကတော့ ပြန်နေကြနေပါပြီး” ဟု ကေအိုင်စီ သို့ ပြောသည်။

ပြီးခဲ့သည့် ဧပြီလ (၆)ရက်နေ့တွင် ကော်ဘရာစစ်ကြောင်းထံသို့ ယခင်ကော်သူးလေအာမီလက်အောက်ခံ Venom စစ်ကြောင်းတစ်ကြောင်းလုံး လာရောက်ပူးပေါင်းခဲ့ပြီးသည့်နောက် Cobra စစ်ကြောင်း၏ ဖွဲ့စည်းပုံများကို စစ်ကြောင်း ၁ နှင့် စစ်ကြောင်း ၂ ဟူ၍ ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း COBRA COLUMN က သတင်းထုန်ပြန်ထားပြီး လက်ရှိ တိုက်ပွဲတွင် စစ်ကြောင်း (၂)လည်းပူးပေါင်း တိုက်ခိုက်နေခြင်းဖြစ်သည်။