Home သတင်း စစ်ရာဇဝတ်မှုကျူးလွန်သည့် ပဇီကြီးကျေးရွာလေကြောင်းတိုက်ခိုက်မှုအပေါ် KNU တပ်မဟာ ၅ ကန့်ကွက်ရှုတ်ချ

စစ်ရာဇဝတ်မှုကျူးလွန်သည့် ပဇီကြီးကျေးရွာလေကြောင်းတိုက်ခိုက်မှုအပေါ် KNU တပ်မဟာ ၅ ကန့်ကွက်ရှုတ်ချ

1010
Photo: CJ

ဧပြီလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် ဧပြီလ ၁၁ ရက်နေ့က ပြည်သူလူထုအပေါ် စစ် ရာဇဝတ်မှု ကျူးလွန်သည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအပေါ် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ ၅ က ကန့်ကွန်ရှုတ်ချကြောင်း ဧပြီလ ၁၇ ရက်နေ့တွင် ကြေညာချက်ထုတ်ကာ ပြောဆိုလိုက်သည်။

စစ်ရာဇဝတ်မှုကျူးလွန်သော စစ်ကောင်စီတပ်သည် ပဇီကြီးကျေးရွာကို အကြိမ်ကြိမ်ဗုံးကြဲ တိုက်ခိုက်မှု လုပ်ဆောင်သောကြောင့် အပြစ်မဲ့ပြည်သူ လူထုရာနှင့်ချီ အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရ သူအများပြားရှိခဲ့ကြောင်း ကြားသိရသည့်အတွက် မိသားစုနှင့်အတူ ထပ်တူ ထပ်မျှဝမ်းနည်းကြောင်း လည်း ကေအဲန်ယူ တပ်မဟာ(၅)က ပြောသည်။

၎င်းအပြင် ပြည်သူလူထုများ၏ အဖိနှိပ်ခံဘဝလွတ်မြောက်စေရန်အတွက် အသက်စတေးခဲ့ရသည့် လူပုဂ္ဂိုလ်များအားလုံးကိုလည်း လေးစားဂုဏ်ပြုအပ်ပါသည်ဟုလည်း ကေအဲန်ယူ မူတြော်ခရိုင် တပ်မဟာ(၅)က ဆက်လက်ပြောဆိုထားသည်။

စစ်ကောင်စီတပ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး ယနေ့အချိန်ထိ တိုင်းရင်းသား တော်လှန်ရေးနယ်မြေတွင်မကဘဲ ဗမာတိုင်းရင်းသာများနေထိုင်သည့် တိုင်းဒေသအချို့နှင့် မြို့ပြများ မကျန်နယ်မြေရှင်းလင်းရေးကို အကြောင်းပြကာ အပြစ်မဲ့ပြည်သူများအား ရန်သူသဖွယ်သဘောထားပြီး မတရား ပစ်ခတ်တိုက်ခိုက်သတ်ဖြတ်နေသည်ကို တွေ့မြင်ရသည့်အတွက် ကေအဲန်ယူ တပ်မဟာ(၅) အနေဖြင့် ကန့်ကွက်ရှုတ်ချသည်ဟု ထိုကြေညာချက်တွင် ပြောဆိုထားသည်။

စစ်အာဏာရှင်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့် လက်ရှိ စစ်ကောင်စီလုပ်ရပ်သည် ၎င်းတို့၏ မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင် တည်တံ့ခိုင်မြဲရေးအတွက်သာ ဖြစ်သောကြောင့် စစ်ကောင်စီ ကျဆုံးရေးအတွက် မိမိတို့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့စည်းများအပါအဝင် စစ်ကောင်စီအား ဆန့်ကျင်တော်လှန်နေသည့် အင်အားစုအဖွဲ့အစည်းအားလုံးပူးပေါင်းဆောင်ရွက်ပြီး ဆက်လက်တိုက်ပွဲ ဝင်ရမည်ဖြစ်ကြောင်းလည်း ကေအဲန်ယူ တပ်မဟာ(၅) က ပြောသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း စစ်ကောင်စီကို ထိရောက်စွာအပြစ်ပေးအရေးယူမှု လုပ်ဆောင်နိုင်ရန်အတွက် နိုင်ငံတကာဘုံစုစည်းမှုတစ်ရပ် စုစည်းပြီး လက်တွေ့ကျကျ ဆောင်ရွက် ပေးကြရန်လိုအပ်ကြောင်းလည်း ကေအဲန်ယူ တပ်မဟာ(၅)၏ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ကေအဲန်ယူ မူတြော်ခရိုင်၊ တပ်မဟာ(၅) နယ်မြေတွင်လည်း စစ်ကောင်စီတပ်၏ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု မကြာခဏ ရင်ဆိုင်ကြုံတွေ့ရသည့် နယ်မြေတစ်ခုဖြစ်သလို အဆိုပါ လေကြောင်းတိုက်ခိုက် မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုရှိပြီး လူထုသောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်ဟု သိရသည်။