Home သတင်း BPLA (၂)နှစ်ပြည့် KNLA ဒုတိယစစ်ဦးစီးချုပ် သဝဏ်လွှာပေးပို့

BPLA (၂)နှစ်ပြည့် KNLA ဒုတိယစစ်ဦးစီးချုပ် သဝဏ်လွှာပေးပို့

1403
Photo: BPLA

ဧပြီလ ၁၇ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ယနေ့ ဧပြီလ (၁၇)ရက်နေ့တွင် ကျရောက်သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်-BPLA၏ ဖွဲ့စည်းတည်ထောင်ခြင်း (၂)နှစ်ပြည့် အခမ်းအနားသို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ သဝဏ်လွှာပေးပို့ခဲ့သည်။

KNLA ဒုတိယစစ်ဦးစီးချုပ်၏ သဝဏ်လွှာထဲတွင် အခက်အခဲအကြပ်အတည်းများကြား၌ ယုံကြည် ချက်ဖြင့် အနာဂတ်အတွက် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ထုတ်ရန် ဇွဲ၊ လုံ့လ၊ ဝိရိယ သတ္တိ အပြည့်နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်ကို ဖွဲ့စည်းနိုင်ပြီး စွမ်းစွမ်းတမံတော်လှန်တိုက် ပွဲဝင် သည့် တပ်တော်၏ ရဲဘော်များအားလုံးကို လေးစားအသိမှတ်ပြုကြောင်း ပြောဆိုထားသည်။

ထို့အပြင် စစ်အာဏာရှင်စနစ်ကျဆုံးရန်အတွက် ရှေ့ဆက်တိုက်ပွဲဝင်ရာတွင် အခက်အခဲစိန်ခေါ်မှုများ ထပ်မံကြုံတွေ့ရနိုင်သောကြောင့် ထိုအခက်အခဲများသည် အနာဂတ်မျိုးဆက်များအတွက်နှင့် တိုင်းပြည်အနာဂတ်အတွက် အနစ်နာခံသည့် အရာများအဖြစ် နားလည်ထားရန်လည်း ဒုတိယ ဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲက ပြောဆိုထားသည်။

ဆက်လက်၍ စစ်အာဏာရှင်များသည် တိုင်းပြည်၏ အာဏာကို နှစ်ရှည်လများ အဓမ္မအာဏာလုယူ အုပ်ချုပ်ထားခြင်းဖြစ်ကာ အာဏာရှင်စနစ်ခိုင်မာစွာအမြစ်တွယ်ထားပြီးဖြစ်သည့်အတွက် လက်နက် ကိုင်တော်လှန်ရေးအဖွဲ့များအနေဖြင့်လည်း စည်လုံးညီညွတ်ကာသတိကြီးစွာအဖက်ဖက် ပူးပေါင်းတိုက် ထုတ်နိုင်မှ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ထုတ်နိုင်မှာ ဖြစ်ကြောင်းလည်း ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ၏ သဝဏ်လွှာထဲတွင် ပြောဆိုသည်။

ယနေ့ခေတ်ကာလတွင် ခေတ်မှီနည်းပညာ ဖွံ့ဖြိုးတိုးတက်သည့် ကာလဖြစ်သောကြောင့် BPLA တပ်တော်အနေဖြင့် တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိနှင့်အတူ လုံခြုံရေးသတိပါ အထူးသတိပြုရ မည်ဖြစ်ပြီး ခေတ်မှီနည်းပညာများဖြင့် စစ်အာဏာရှင်များကို တန်ပြန်စစ်ဆင်နိုင်ရန်အတွက်လည်း စဉ်ဆက်မပြတ် လေ့လာရမည်ဖြစ်ကြောင်းလည်း ဒုစစ်ဦးစီးချုပ် စောဘောကျော်ဟဲက တိုက်တွန်း ထားသည်။

Photo: BPLA

BPLA တည်ထောင်ခြင်း (၂)နှစ်ပြည့် အခမ်းအနားသို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ညီနောင်မဟာမိတ် (၃)ဖွဲ့၊ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA Magway) နှင့် ထားဝယ်ပြည် သူ့လွတ်မြောက်ရေးတပ်မတော်-TPLAတို့လည်း သဝဏ်လွှာအသီးသီးပေးပို့ခဲ့ကြသည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် -BPLA ၏ ဖွဲ့စည်းတည်ထောင်ခြင်း (၂)နှစ်ပြည့်အခမ်းအနား အစီအစဉ်ကို KNLA တပ်မဟာ(၅)အုပ်ချုပ်မြေရှိ အမှတ်(၁၀၇) စစ်ဒေသနှင့် နိုင်ငံရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

BPLA တပ်တော်သည် နွေဦးတော်လှန်ရေးကာလမှ ပေါက်ဖွားလာသည့် ဗမာလူမျိုးစု ကိုယ်စားပြု တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ၎င်းတို့နှင့်အတူ အပြိုင်ပေါ်လာသည့် လက်နက်ကိုင်တပ်ဖွဲ့အားလုံးနှင့် လက်တွဲကာ မဟာမိတ်ပြုလုပ်၍ စစ်ကောင်စီကိုအမြစ်ဖြတ် ဖြိုချရန် ရည်မှန်းထားသည်ဟု BPLA၏ တာဝန်ခံမောင်ဆောင်းခက ကေအိုင်စီ-ကရင်သတင်းဌာနသို့ ပြောဆိုထားသည်။

KNU တပ်မဟာ(၅)နယ်မြေထဲတွင် ဖွဲ့စည်းတည်ထောင်ခဲ့သည့် BPLA တပ်တော်သည် KNLA ၏ ဦးဆောင်ကွပ်ကွဲမှုမှတစ်ဆင့် KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF မဟာမိတ်ပူးပေါင်းတပ်နှင့်အတူ တပ်မဟာ(၅) နယ်မြေအတွင်း စစ်ကောင်စီတပ်နှင့်ဖြစ်ပွားသည့် တိုက်ပွဲပေါင်းအမြောက်အများတွင် ပါဝင်တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။