ဧပြီလ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ဒီမိုကရေစီအရေးလှုပ်ရှားမှုကော်မတီမှ သင်္ကြန်အတွင်း လောင်းလုံမြို့နယ်တွင် ပိတောက်တွေနီစေ သင်္ကြန်မြေ ခေါင်းစဉ်ဖြင့် နှစ်ရက်တာအကြမ်းမဖက်လှုပ်ရှားမှုပြုလုပ်နေကြောင်း လောင်းလုံမြို့နယ်ဒေသခံများက ပြောသည်။
အဆိုပါ လှုပ်ရှားမှုအစီအစဉ်ကို ဧပြီလ ၁၅ရက်(မဟာသင်္ကြန်အကြတ်နေ့)နှင့် ဧပြီလ ၁၆ရက် (မဟာသင်္ကြန် အတက်နေ့)တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုကော်မတီ၏ စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီတာဝန်ခံ ဦးမင်းလွင်ဦးက ယခုလို ပြောသည်။
“စစ်အာဏာရှင်ဆန့် ကျင်ရေးလူထုသပိတ်လူထုလှုပ်ရှားမှုက ကျနော်တို့ဗဟိုကော် မတီက အမြဲလုပ်နေတဲ့လှုပ်ရှားမှုတစ်ခုပဲဖြစ်တယ်။ သင်္ကြန်ကာလမှာတော့ လူထုတွေပိုစိတ်ဝင်စားအောင် သင်္ကြန် တွင်းမှာ လှုပ်ရှားတဲ့ဘန်နာက ပိတောက်တွေနီစေ၊ သင်္ကြန်မြေပေါ့။ ပိတောက်တွေနီစေဆိုတဲ့ဟာက ပြောရရင် လူငယ်မောင်မယ်တွေ ပိတောက်ပန်းလေးတွေပေါ့၊ ဒီကာလမှာတော်လှန်နေကြတာတွေ သင်္ကြန်ကာလမှာ ပျော်ပျော်ပါးပါး ပျော်ပါးနိုင်ခြင်းမရှိခဲ့ဘူး။ အဲ့တော့ပိတောက်တွေနီတယ်ပေါ့ ”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

သို့သော်နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်သည် တိုင်းရင်းသားပြည်သူလူထုတစ် ရပ်လုံးတန်ဖိုး ထားရသည့်ပွဲတော် တစ်ခုဖြစ်ကာ စစ်ကောင်စီ ဦီးစီးပြုလုပ်သည့် သင်္ကြန်မဏ္ဍပ်တွင် လူစည်ကား မည်ဖြစ် သော်လည်း စစ်ကောင်စီကို ထောက်ခံသည်ဟု ကောက်ချက်ချ၍မရကြောင်း ယင်းသပိတ်လှုပ်ရှားမှုတွင် ပါဝင်သူ များက ပြာသည်။
၎င်းသပိတ်လှုပ်ရှားမှုတွင် ပါဝင်သူတစ်ဦးက “အခုစည်တယ်ဆိုတဲ့စစ်ကောင်စီက မဏ္ဍပ်တွေ ခြောက်ခြောက်ကပ်ကပ်တွေကြီးပဲ။ စစ်ကောင်စီမဏ္ဍပ်မှာ သွားကတဲ့လူတွေတစ်ချို့က ကျနော်တို့ပြောနေတဲ့ စစ်ကောင်စီ မပူးပေါင်းမှုတွေ နားမလည်သေးတာ ဖြစ်ကောင်း ဖြစ်မယ်။ တစ်ချို့က သူတို့အုပ်စု၊ မိသားစုတွေပဲဖြစ်မယ်။ ဒါပေမဲ့စစ်ကောင်စီလုပ်တဲ့ သင်္ကြန်မှာ လူစည် ကားမယ်ဖြစ်သော်လည်း လူထုကစစ်ကောင်စီကို ထောက်ခံတယ်လို့ ကောက်ချက်ချလို့မရဘူး”ဟု ပြောသည်။
အဆိုပါ သပိတ်ကော်မတီသည် စစ်တပ်အာဏာသိမ်းပြီးနောက် ပိုင်းတွင် စတင်ဖွဲ့စည်းကာ အကြမ်းမဖက်လူထု သပိတ်လှုပ်ရှားမှုကို စွမ်းစွမ်းတမံလှုပ်ရှားဆောင်ရွက်ခဲ့သည့်အဖွဲ့ဖြစ်သည်။ ၎င်းကော်မတီ၏ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးမင်းလွင်ဦးသည် စစ်ကောင်စီက ပုဒ်မ ၅၀၅(က)ဖြင့်ဖမ်းဝရမ်းထုတ်ခဲ့သည့်ပြင် ငွေကျပ်သိန်း ၃၀၀ဖြင့် ထပ်မံဖမ်းဝရမ်းထုတ်ပြန်မှုလည်းရှိကြောင်း ယင်းကော်မတီဝင်များထံမှ သိရသည်။



















