Home သတင်း လေပြင်းတိုက်ခတ်မှုကြောင့် သာမညတွင် အိမ်ခေါင်မိုးများပြုတ်ထွက်ကာ သစ်ပင်များပြိုကျပျက်စီး

လေပြင်းတိုက်ခတ်မှုကြောင့် သာမညတွင် အိမ်ခေါင်မိုးများပြုတ်ထွက်ကာ သစ်ပင်များပြိုကျပျက်စီး

1607
Photo: CJ

မတ်လ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့ သာမညကျေးရွာတွင် ယမန်နေ့ မတ်လ (၁၂)ရက်နေ့ ည ၉ နာရီအချိန်က လေပြင်း တိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိမ်ခေါင်မိုးများပြုတ်ထွက်ကာ သစ်ပင်ပြိုကျပျက်စီးမှုများရှိ ခဲ့သည်ဟု ဒေသခံရွာသားများထံမှ သိရသည်။

အဆိုပါ မိုးသက်လေပြင်းများ ကျရောက်သည့်အတွက် မြို့မရပ်ကွက်နှင့် အောင်ချမ်းသာရပ်ကွက်ထဲရှိ နေအိမ် ၅ လုံးခန့် ခေါင်မိုးလှန်ခဲ့ပြီး ကျေးရွာထဲရှိ တောင်ပေါ်ဘုန်းကြီးကျောင်းတွင်လည်း သစ်ပင် ၄ ပင် နှင့်ဓာတ်မီး တိုင်များလှဲကျပျက်စီးခဲ့သောကြောင့် ဘုန်းကြီးကျောင်းကို ထိမှန်ပျက်စီးခဲ့ကြောင်း ရွာသားတစ်ဦးက ပြောသည်။

၎င်းက “သာမညတောင်ပေါ်က သစ်ပင် ၄ ပင်လှဲပြီး ဘုန်းကြီးကျောင်းထိသွားတယ်။ ညက လေရော မိုးရော တော်တော်ကြမ်းတယ်။ ၉နာရီလောက်မှာ လေစတိုက်ပြီး ခဏနေတော့မိုးရွာတော့တာပဲ။ မြို့မရပ်ကွက်နဲ့ အောင်ချမ်းသာ ရပ်ကွက်က ခေါင်မိုးတွေအကုန်လွင့်ကုန်တယ်။ ခေါင်မိုးလှန်ကုန်တာ အိမ် ၅ လုံးလောက်ရှိမယ် ။ တော်တော်များများပျက်စီးတယ်။ တောင်ပေါ်မှာလည်း ဓာတ်မီးတိုင်တွေကျိုးကုန်ပြီး”ဟု ပြောသည်။

၎င်းဖြစ်စဉ်နှင့် အလားတူ ဖားအံမြို့တွင်လည်း မိုးသက်လေပြင်းများကျရောက်မှုကြောင့် သစ်ပင်များ လှဲကျခဲ့ကြောင်း မြို့ခံတစ်ဦးက ယခုလိုဆိုသည်။

Photo: CJ

“၈ နာရီကနေ ၁၀ နာရီလောက်ထိရွာတယ်။ မိဇံရွာမှာတော့ သစ်ပင်တွေလှဲကျတယ်။ လေတိုက်တာ လည်း တော်တော်ကြမ်းတယ်။ မိုးကြိုးတွေပါပစ်တာ။ မုန်တိုင်းအဖျားခတ်တာလို့ပြောတာပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

ယမန်နေ့တွင် မော်လမြိုင်၊ ကော့ကရိတ်၊ ဖားအံ၊ ဘုရားသုံးဆူ၊ ကော့ဘိန်း၊ ဇာသပြင်၊ မုဒုံ၊ ကျိုက်မရော၊ ကာမဝက်၊ ချောင်းဆုံ၊ ရေး၊ လမိုင်းတို့တွင် လေပြင်းများတိုက်ခိုက်နိုင်ပြီး လျှပ်စစ်မိုးကြိုးများ ကျရောက်နိုင်ကြောင်း မွန်၊ ကရင်၊ တနင်္သာရီ ရာသီဥတုလေ့လာတင်ပြချက်အရ လူမှုစာမျက်နှာပေါ်တွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။

မိုးသက်လေပြင်းများ တိုက်ခတ်ခဲ့သည့် တစ်ချို့မြို့များနှင့် ကျေးရွာများတွင် သစ်ပင်များနှင်လျှပ်စစ်မီးတိုင်များ ပျက်ကျမှုများရှိခဲ့ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ဒေသခံပြည်သူများပူးပေါင်း၍ ပြုပြင်မှုများ လုပ်ဆောင်လျက်ရှိနေကြောင်း ဒေသခံများထံ သိရသည်။