မတ်လ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အတွင်း စစ်ကောင်စီပညာရေးဌာနက ပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္က သိုလ်ဝင်တန်း ( ၁၀ တန်း) စာမေးပွဲအား ပြည်နယ်အတွင်း မြို့နယ် ၇ နှစ်ခုတွင် စာစစ်ဌာန ၁၃ သာဖွင့် လှစ်စစ်ဆေးနိုင်ပြီး ၀င်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ ၂,၅၀၀ ကျော်သာရှိကြောင်း စစ်ကောင်စီ ပညာရေးဌာနထုတ်ပြန်စာရင်းများအရ သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စာသင်နှစ် ၂ နှစ်အကြာကာလ ကျင်းပသည့် တက္ကသိုလ်၀င်ခွင့် စာမေးပွဲ ၀င်ရောက်ဖြေဆိုကြသည့် စစ်ကောင်စီ လက်အောက်ခံပညာရေးဌာနကျောင်းများမှ ကျောင်းသား/ကျောင်းသူများမှာ တစ်ပြည်နယ်လုံးစာရင်းအရ ၆၂၁ ဦး၊ ပြင်ပဘော်ဒါဆောင်၊ ပုဂ္ဂလိက ကျောင်းများမှ ၀င်ရောက်ဖြေဆိုသူ(အပြင်ဖြေ) ၁,၉၁၉ ဦးအပါအဝင် စုစုပေါင်း ၂,၅၄၀ ဦးရှိသည်ဟု ထုတ်ပြန်ထားချက်အရ သိရသည်။
ဖားအံမြို့ခံကျောင်းသား မိဘတစ်ဦးက “ ဖားအံမြို့ပေါ်အထကကျောင်းကြီးတွေမှာ ၃ နေရာ၊ ၄ နေရာ လောက်ပဲ စာစစ်ဌာနဖွင့်ပြီး စစ်နိုင်တယ်။ မနှစ်ကထက် ၀င်ဖြေတဲ့ကျောင်းသား ပိုပိုနည်းလာတယ်။ ဖားအံမှာကျောင်းဖြေ၊ အပြင်ဖြေပေါင်းမှ ရာဂဏန်းလောက်ပဲ ၀င်ဖြေနေကြတာ တွေ့ရတယ်။ စစ်တပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းတွေ သူတို့ သားသမီးတွေ၊ စစ်တပ်ဌာနဆိုင်ရာ၀န်ထမ်းသားသမီးတွေ လောက်ပဲ ကျောင်းတက်၊ ဘော်ဒါဆောင်တက်ပြီး ၀င်ဖြေတာမျိုးပဲရှိတယ်၊ ကျေးရွာတွေ၊ မြို့နယ်ခွဲတွေ၊ တွဲဘက် အထက်တန်းကျောင်းတွေဘက်ကနေ ၁၀ တန်းကျောင်းမဖွင့်နိုင်တာ၊ ၀င်မဖြေကြတာတွေကများတော့ စာဖြေကျောင်းသားမရှိဘူး”ဟု ပြောသည်။
ကရင်ပြည်နယ်အတွင်း ကြာအင်းဆိပ်ကြီး၊ မြ၀တီ၊ ကော့ကရိတ်၊ သံတောင်၊ ဖာပွန် ၊ လှိုင်းဘွဲနှင့် ဖားအံ မြို့ပေါ် စစ်ကောင်စီအုပ်ချုပ်ရေးဌာန နယ်မြေအတွင်းရှိ မြို့ပေါ်အထက်တန်း ကျောင်းများတွင်သာ စာစစ်ဌာနဖွင့်လှစ်ကာ တက္ကသိုလ်၀င်တန်းစာမေးပွဲအား ကျင်းပနေကြရသည့်အခြေအနေရှိကြောင်း စစ်ကောင်စီ ပညာရေးဌာန ထုတ်ပြန်စာရင်းများအရ တွေ့ရှိရသည်။
“စားမေးပွဲဆိုတာကတော့ ပြောစရာကို မလိုတာ၀င်မဖြေဘူး။ ဘာလို့လဲဆိုတော့ ဒါကျက်ပြီးဒါဖြေ၊ အအောင်ပေးမယ်၊ ပညာမှမတတ်တာ၊ စစ်တပ်ထောက်ခံတဲ့ ဆရာ/ဆရာမတွေကလည်း သူတို့ ကျောင်းကို ကျောင်းသားလာတက်မှ အထက်လူ ကြီးတွေ ဆူပူကြိမ်းမောင်းတာ မခံ ရအောင်ကျောင်းသားတွေကို အသုံးချတဲ့ ပုံစံမျိုးဖြစ်နေတော့ ဒီနှစ် ၁၀တန်း စာမေးပွဲလည်း သမီးတို့၀င်မဖြေပါဘူး။ ခေတ်မကောင်းသေးလည်း တခြားအထောက်အပံ့ပညာရေးကျောင်း တွေ (စကော်လာကျောင်း) တွေတက်မယ်”ဟု CDM ကျောင်းသူတစ်ဦးက ပြောသည်။
စစ်အာဏာသိမ်းပြီးကာလ ၂ နှစ် အတွင်း ကရင်ပြည်နယ်ရှိ အထက်တန်းကျောင်းသားများ၊ တက္ကသိုလ်ကျောင်းသားများအများစုမှ စစ်အာဏာသိမ်းဖြစ်စဉ်အား ဆန္ဒထုတ်ဖော်ကြသည့်အတွက် ဖမ်းဆီးထောင်ချခံထားရမှု၊ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများထံသို့ ၀င်ရောက်၍ လက်နက်ကိုင် တော်လှန်ရေးတွင် ပါ၀င်နေမှု၊ ကျောင်းပြန်မတက်ဘဲ CDM ပြုလုပ်ရှောင်တိမ်းမှုနှင့် မိမိရပ်ရွာတွင် ပြန်လည် နေထိုင်စစ်ဘေးရှောင်နေရမှုများကြောင့် ပညားရေး ဆုံးခန်းတိုင်အောင် ဆက်လက် သင်ကြားနိုင်မည့် အခွင့်အလမ်းများဆုံးရှုံးနေကြရဆဲဖြစ်ကြောင်း စစ်ဘေးရှောင် ပညာရေး အထောက်အကူပြုအဖွဲ့များက ပြောသည်။



















