Home သတင်း (၁၇) ကြိမ်မြောက် ကွန်ဂရက် မကျင်းပရသေးကြောင်း KNU ပြော

(၁၇) ကြိမ်မြောက် ကွန်ဂရက် မကျင်းပရသေးကြောင်း KNU ပြော

865

မတ်လ ၂ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ထိပ်ပိုင်းခေါင်းဆောင်များကို ပြန်လည်ရွေးကောက်တင်မြှောက်သွား မည့် (၁၇)ကြိမ်မြောက် ကွန်ဂရက်ကို ယခုအချိန်ထိ မကျင်းပရသေးကြောင်း ကွန်ဂရက် ကျင်းပရေးကော် မတီဥက္ကဋ္ဌလည်းဖြစ်၊ အစည်းအရုံး၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး -၁ လည်းဖြစ်သူ ပဒိုစောဆဲပွယ်က ကေအိုင်စီသို့ ပြောသည်။

(၁၇)ကြိမ်မြောက် ကေအဲန်ယူ ကွန်ဂရက်ကို အွန်လိုင်းပေါ်မှတစ်ဆင့် စတင်ကျင်းပနေပြီးဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသကဲ့သို့မဟုတ်ဘဲ ကွန်ဂရက်ကျင်းပနိုင်ရန် ပြုလုပ်သည့် အွန်လိုင်းအစည်းအဝေးသာဖြစ်ကြောင်း ပဒိုစောဆဲပွယ်က ယခုလို ပြောသည်။

“ကွန်ဂရက်ကျင်းပနေပြီလို့ အပြင်မှာသတင်းတွေထွက်တာရှိတယ်။ ကွန်ဂရက်ကြီးမကျင်းပရသေးပါဘူး။ အစည်း အဝေးမှာသက်ဆိုင်တဲ့အဖွဲ့တွေ တက်ရောက်တာရှိတယ်။ အချို့ကအချိန်မပေးနိုင်တာလည်း ရှိသေးတယ်။ ညှိရ အုံးမယ် ကွန်ဂရက်က အွန်လိုင်းမှာလုပ်မလား၊ အပြင်မှာလုပ်မလားဆိုတာက ဆုံးဖြတ်ချက်မကျသေးဘူး။ လုပ်ရင် တာဝန်ရှိတဲ့ခေါင်းဆောင်တွေက လူထုကို အသိပေးမှာဖြစ်တယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ရက်နေ့မှစတင်၍ ကေအဲန်ယူ ထိပ်သီးခေါင်းဆောင်များပါဝင်သည့် အွန်လိုင်းအစည်း အဝေးတစ်ရပ်ပြုလုပ်နေပြီး အဆိုပါ အစည်းအဝေးမှာ ၂ နှစ်ကြာ ရွှေ့ဆိုင်းထားသည့် (၁၇)ကြိမ်မြောက် ကေအဲန်ယူ ကွန်ဂရက်ကျင်းပနေပြီဟု သတင်းများထွက်ပေါ်နေခြင်းလည်း ဖြစ်သည်။

ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင်သစ်များ ပြန်လည်ရွေးကောက်တင်မြှောက်ရန်အတွက် ကျင်းပပြုလုပ်မည့် ၁၇ ကြိမ် ကွန်ဂရက်နှင့်ပတ်သက်၍ ကေအဲန်ယူ သတင်းနှင့်ပြန်ကြားရေးဌာနဘက်မှလည်း လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်းမရှိသေးကြောင်း သိရသည်။

အွန်လိုင်းပေါ်တွင် ကျင်းပပြုလုပ်ရန် စီစဉ်နေသည်ဟု သတင်းထွက်ပေါ်နေသည့် ကေအဲန်ယူကွန်ဂရက်သည် ကေအဲန်ယူ တပ်မဟာအားလုံး ကိုယ်စားလှယ်များ တက်ရောက်နိုင်မည်မဟုတ်ကြောင်း ပြောဆိုဝေဖန်မှုများ ရှိသလို ကေအဲန်ယူ မူတြော်ခရိုင် (တပ်မဟာ -၅) ကိုယ်စားလှယ်များလည်း မတက်ရောက်ကြောင်း သတင်းဌာနအချို့က ရေးသားဖော်ပြနေကြသည်။

ထို့အတူ အွန်လိုင်းပေါ်တွင် ကျင်းပမည့် ကွန်ဂရက်သည် တရာမျှတမှုရှိမည်မဟုတ်သည့်အပြင် အဖွဲ့အတွင်းရှိ ဖြစ်တည်နေသည့် ပြဿနာများကို ဦးစွာဖြေရှင်းမှုမပြုလုပ်ပါက အဟန့်အတားများ ဖြစ်လာနိုင်ကြောင်း ကေအဲန်ယူ ဗဟိုအမြဲတမ်းကော်မတီဝင်နှင့် မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ၎င်း၏ တစ်ဦးတည်းအမြင်ကို ယခုလိုပြောသည်။

“တပ်မဟာ(၅) ကိုယ်စားလှယ်တက်မတက်တော့ အတီးနဲ့ဘာမှမဆိုင်ဘူးနော်။ အတီးတစ်ဦးတည်း ကိုယ့် အတွေးအခေါ်နဲ့ အဘက်ဘက်ကိုဝေဖန်သုံးသပ်ပြီး (၁၇)ကြိမ်မြောက်ကွန်ဂရက်ဖြစ်သွားလည်း ဖြစ်တည်နေတဲ့ပြဿနာက မဖြေရှင်းဘူးဆိုရင် တစ်စုတစ်စည်းရှေ့လျှောက်ဖို့က အခက်အခဲ အဟန့်အတားအများကြီးရှိလာမယ်လို့ယူဆတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိအချိန်တွင် ကေအဲန်ယူတွင် ဖြေရှင်းရမည့်ပြဿနာများဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် -KNLA လက်အောက်ခံတပ်ဖွဲ့နှင့် ကော်သူးလေအာမီ(KTLA) အဖွဲ့ကြား ဖြစ်ပွားနေသည့် ပစ်ခတ် တိုက်ခိုက်မှုပြဿနာ၊ Federal နှင့် Independent ပြဿနာနှင့် လက်ရှိ ဝေဖန်မှုများရှိသည့် ကေအဲန်ယူ ခေါင်း ဆောင်အချို့၏ ပြဿနာများကို ဦးစွာမဖြေရှင်းဘဲ ဖုံးဖိ၍ ဆက်လက်သွားပါက အချင်းချင်းကြား အမြင်ကွဲ ပြားပြီး တော်လှန်ရေးရည်မှန်းချက်ရောက်နိုင်မည်မဟုတ်ကြောင်းလည်း ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ဖြည့်စွက်ပြောသည်။

တဆက်တည်းတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအဖွဲ့အစည်းမူများကို ဆန့်ကျင်ချိုးဖောက်သည့် ထိပ်ပိုင်းခေါင်းဆောင်အချို့ကို အရေးယူဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် တာဝန်ခံသည့်အနေဖြင့် ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တစ်ဖွဲ့လုံး နုတ်ထွက်ပေးရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ကမ္ဘာတစ်ဝှမ်းရှိ ကရင်လူ့အဖွဲ့အစည်း ၆၈ ဖွဲ့က အိတ်ဖွင့်စာပေးပို့ပြီး တောင်းဆိုခဲ့သေးသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ မတ်လ (၁၄)ရက်မှ ဧပြီလ ၆ ရက်နေ့အထိ ကျင်းပသော (၁၆) ကြိမ်မြောက် ကေအဲန် ယူကွန်ဂရက်တွင် ဗဟို၊ တပ်မဟာ၊ ခရိုင် ၇ ခုမှ ကိုယ်စားလှယ်များနှင့် ပြည်တွင်း၊ ပြည်ပ ‌လေ့လာသူ စုစု‌ပေါင်း ၃၀ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ကွန်ဂရက်တွင် ဗဟိုအမြဲတမ်း‌ကော်မတီ၏ တင်ပြ‌သော ‌လေးနှစ်တာ ကာလအတွင်း လုပ်ငန်း‌ဆောင်ရွက်ခဲ့မှု အ‌ခြေအ‌နေဆိုင်ရာ အစီရင်ခံစာကို ‌ဆွေး‌နွေးအတည်ပြုခြင်း၊ ‌လေးနှစ်အတွင်း ဌာန ၁၄ ခု၏ လုပ်ငန်းအစီရင်ခံ စာများ၊ ခရိုင်အလိုက် လူထုအ‌ခြေအ‌နေ၊ အုပ်ချုပ်‌ရေးအ‌ခြေအ‌နေ၊ လက်ရှိ ငြိမ်းချမ်း‌ရေးဖြစ်စဉ် အ‌ခြေအ‌နေများကို တင်ပြ‌ဆွေး‌နွေးခြင်းအပါအဝင် ‌နောက်ထပ်‌လေးနှစ်သက်တမ်းအတွက် ဦး‌ဆောင်သွားမည့် ‌ခေါင်း‌ဆောင်များကို ပြန်လည်‌ရွေး‌ကောက်တင်‌မြှောက်ခဲ့ကြသည်။

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဖွဲ့စည်းပုံအရ ဗဟို၊ ခရိုင်နှင့် မြို့နယ်အဆင့် ကွန်ဂရက် ကို ၄ နှစ်တစ်ကြိမ်နှင့် ‌ကျေးရွာအုပ်စုအဆင့်ကို ၂ နှစ်တစ်ကြိမ်ကျင်းပရမည်ဖြစ်သည်။

သို့သော် ကိုဗစ်ကပ်ရောဂါ ကူးစက်မှုအခြေအနေနှင့် စစ်အာဏာသိမ်းမှု‌ဖြစ်စဉ်ကြောင့် ဖြစ်‌ပေါ်ပြောင်းလဲလာသည့် နိုင်ငံ‌ရေးအခြေအနေများကြောင့် ၁၇ကြိမ်မြောက် ကွန်ဂရက်မ‌ခေါ်နိုင်‌သေးခြင်းဖြစ်ကြောင်း ကျင်းပရေး‌ကော်မတီဘက်က ပြောဆိုထားသည်။