Home ဆောင်းပါး ယောကျ်ားခန္ဓာကိုယ်ထဲ ပိတ်မိနေတဲ့ မိန်းမပျိုလေး

ယောကျ်ားခန္ဓာကိုယ်ထဲ ပိတ်မိနေတဲ့ မိန်းမပျိုလေး

1162

ယောကျ်ားခန္ဓာကိုယ်ထဲ ပိတ်မိနေတဲ့ မိန်းမပျိုလေး

မတ်လ ၂ ရက်၊ ၂၀၂၃ ခုနှစ်။

စအိုင်ဆူး

အတန်း၏ နောက်ဆုံးစာမေးပွဲ မတိုင်ခင် ကျောင်းကပွဲတစ်ခုမှာ မြူးကြွသည့် တီးလုံးသံစုံနှင့်အတူ ကျောင်းသူ ကျောင်းသားများ၏ သောင်းသောင်းဖျဖျ အော်ဟစ်လက်ခုပ်တီး အားပေးသံကြားမှာ ခန္ဓာကိုယ်ကို သူတမူထူးခြား စွာဖြင့် စောထန်ရီနာဟန်နာ(Saw Thnrei Naphana) တစ်ယောက် ကျောင်းခန်းမဆောင်၏ စင်မြင့်ပေါ်တွင် လှုပ် ယမ်းကခုန်နေသည်။

ဆံပင်တုကိုတပ်ဆင်ပြီး မိတ်ကပ်များခြယ်သပ်လိမ်းထားကာ အမျိုးသမီးတစ်ဦးပမာ ထင်မှတ်ရလောက်အောင် ပျော့ပြောင်းနွဲ့လျမှုဖြင့် မြူးကြွသည့် ခေတ်ပေါ်သံစုံတီးလုံးနှင့်အတူ စည်းဝါးအကိုက် လိုက်ပါ စီးမျှောကခုန် နေသူမှာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကော်သူးလေ အထက်တန်းကျောင်းသား စောထန်ရီနာဟန်နာပဲ ဖြစ်သည်။

ကရင်ပြည်နယ် ဖားအံမြို့ဇာတိဖြစ်သူ အသက်(၁၈)နှစ်အရွယ် စောထန်ရီနာဟန်နာသည် မွေးချင်းအမွှာ ညီအစ်ကို နှစ်ဦးဖြင့် မွေးဖွားလာသူဖြစ်ပြီး ညီဖြစ်သူမှာ ယောက်ျားသားပုံစံ နေထိုင်သော်လည်း ၎င်းအနေဖြင့် မွေးရာပါ လိင်စိတ် ပြောင်းလဲမှု(LGBT) ဖြစ်တည်မှုကို မိမိကိုယ်ကို လက်ခံထားသူတစ်ဦးဖြစ်သည်ဟု ဆိုသည်။

“မူလတန်းက စတာပေါ့။ ကိုယ်က အမေရဲ့ အသုံးအဆောင်ပစ္စည်းတွေ မိတ်ကပ်တို့ ဘာတို့ပေါ့။ အစတုန်းကတော့ ကိုယ့်ကိုယ်ကိုလည်း နားမလည်သေးဘူး။ အတိအကျလည်း ဆုံးဖြတ်မတတ်သေးဘူး။ ကျောင်းတက်တဲ့အချိန်မှာ အမေက သနပ်ခါးတွေလည်းလိမ်းပေး၊ ကိုယ်က နှုတ်ခမ်းနီလေးလိမ်းတယ်။ သနပ်ခါးပါးကွက်ကြားထက် နှုတ်ခမ်းနီတွေ ပိုသုံးဖြစ်တယ်။ နောက်ပိုင်းလူတွေက ကိုယ့်ကိုမေးတယ် နင်က မိန်းကလေးလား၊ နင်ဘာလို့ နှုတ် ခမ်းနီတွေ ဆိုးတာလဲ အဲ့ကနေ ကိုယ်က နားလည်သွားပြီးလေ။ ”ဟု LGBT စတင် ခံယူလာပုံကို စောထန်ရီနာ ဟန်နာက ရှင်းပြသည်။
ထိုသို့ လိင်စိတ်ပြောင်းလဲမှုအပေါ် မိမိ၏ ဖြစ်တည်မှုကို လက်ခံထားသူဖြစ်သည်နှင့်အတူ စောထန်ရီနာ ဟန်နာသည် ၎င်းနှင့် အမြင်မတူသည့် ပတ်ဝန်းကျင်တွင် ဝေဖန်ကဲ့ရဲ့မှု၊ အထင်အမြင်သေးခံရမှုများကိုလည်း နေ့စဉ် နီးပါး ကြုံတွေ့ခဲ့ရကြောင်း ဆိုသည်။

“မြို့ပေါ်မှာ နေခဲ့တဲ့အချိန်တုန်းကဆို အဲ့တုန်းက Social Media ပေါ်မှာ LGBT ဆိုတာ အဲ့လောက်ထိလည်း မပေါ် ထွန်းသေးဘူး။ အဲ့တုန်းက ကိုယ်က ကျောင်းသွားရင် နှုတ်ခမ်းနီလေး ပါးနီလေး ပါးပါးလေး လိမ်းသွားတော့ လူတွေက ဟဲ့အခြောက်ကြီးဆိုပြီး ခေါ်ကြတယ်။ ကလေးတွေကော လူကြီးတွေက ကိုယ့်ကို အခြောက် ကြီး အခြောက်မကြီးဆိုပြီး ပြောလာတော့ နည်းနည်းပါးပါး စိတ်ထိခိုက်ရတာပေါ့။ ”ဟု စောထန်ရီနာဟန်နာက သူကြုံတွေ့ခဲ့ရသည့် လူမှုပတ်ဝန်းကျင်းဆက်ဆံပုံကို ပြန်ပြောင်းပြောပြသည်။

မြို့ပေါ်တွင် နေထိုင်နေစဉ်အခါက ပတ်ဝန်းကျင်ရှိ လူအများ၏ ၎င်းအပေါ် ထင်မြင်ဆက်ဆံပုံများကို ထိုသို့ ကြုံတွေ့ခဲ့ရသလို ပတ်ဝန်းကျင်သစ်သို့ ပြောင်းရွှေ့နေ ထိုင်လိုက်ရသည့် အခါတွင်လည်း အလားတူ ခွဲခြားဆက်ဆံခံရမှုများကို ဆက်လက် ကြုံတွေ့ခဲ့သည်ဟု သူက ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ခြင်းကြောင့် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းမခံရအောင် လွတ်မြောက်ရာ ကေအဲန်ယူထိန်းချုပ်နယ်မြေ တစ်နေရာတွင် ဝင် ရောက်ထွက်ပြေးခိုလှုံနေရပြီး လက်ရှိတွင်လည်း ကေအဲန်ယူက ဖွင့်လှစ်ထားသည့် ကော်သူးလေ အထက် တန်းကျောင်းတွင် ဆက်လက် ပညာသင်ယူနေခဲ့သည်။

အလားတူ ပတ်ဝန်းကျင်နေရာသစ်တွင်လည်း လိင်စိတ်ပြောင်းလဲ ခံယူထားမှုအပေါ် ခွဲခြားဆက်ဆံခံရမှုများကို ဆက်လက်ကြုံတွေ့ခဲ့ရပြီး ၎င်းအနေဖြင့် ဂရုစိုက်ခြင်းမရှိဘဲ ပတ်ဝန်းကျင်က ၎င်းကို လက်ခံလာအောင် ပုံစံမျိုးစုံဖြင့် ကြိုးစားခဲ့ရကြောင်းလည် ဖွင့်ဟပြောဆိုခဲ့သည်။

စောထန်ရီနာဟန်နာ၏ အတန်းဖော်သူငယ်ချင်း စောရန်ပိုင်ဦးက “ကျနော် သူ့ကို အတန်းမှာ စတွေ့တော့ သူက အရပ် အမောင်းလည်းကောင်းသလို ရုပ်ရည်လည်းရှိတယ်။ သူနဲ့ ကောင်းကောင်းမခင်သေးတော့ သူက အခြောက်စိတ် ဖြစ်နေတာကိုသိရတော့ ကျနော်လည်းသူ့အစားရှက်မိတာပေါ့။ အဲ့လိုအခြောက်စိတ်ဖြစ်နေတော့ အတန်းက လူတွေကလည်းသူ့ကို အထင်သေးကြတာကို ကျနော်တွေ့ခဲ့ရတယ်။” ဟု စောထန်ရီနာ ဟန်နာ နှင့် ပတ်သက်သည့် ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။

သို့သော် စောထန်ရီနာဟန်နာသည် ၎င်း၏ ဖြစ်တည်မှုအတိုင်း အတန်းဖော်နှင့် ပတ်ဝန်းကျင်ရှိ လူအများ၏ သဘောထားများပြောင်းလဲ လက်ခံလာစေရန် ၎င်းအနေဖြင့် အတန်းဖော်များထက် စာပိုတော်အောင် ကြိုးစားပြရသလို ကျောင်း၏ လှုပ်ရှားမှု အစီအစဉ်များတွင်လည်း မကြောက်မရွံ့ ဦးဆောင်ပါဝင်ပြခဲ့ရပြီး လူတိုင်းအပေါ် ဆက်ဆံရေး ကောင်းမွန်ခဲ့ရကြောင်း စောထန်ရီနာဟန်နာက ပြောသည်။

၎င်း၏ ပြောဆိုမှုအပေါ် အတန်းဖော် စောရန်ပိုင်ဦးကလည်းလက်ခံပြီး စောထန်ရီနာဟန်နာ အနေဖြင့် အတန်းတွင် စာတော်သလို ကျောင်း၏ လှုပ်ရှားမှု အစီအစဉ်များ တိုင်းတွင်လည်း သူများနှင့်မတူအောင် ပါဝင်လှုပ် ရှားနိုင်သည့်အပြင် လူမှုဆက်ဆံရေးတွင်လည်း အင်မတန် ကောင်းမွန်သူဖြစ်ကြောင်း ယခုလို ထောက်ခံ ပြောဆိုသည်။

“ကျနော်ဆိုရင် ကျောင်းလာတက်ခါစတုန်းကဆို လူတွေကို မပေါင်းတတ်ဘူး။ သူကျတော့ အဲ့လို မဟုတ်ဘူး Social (လူမှုဆက်ဆံရေး) တအားကောင်းတယ်။ တစ်နှစ်တောင်မရှိဘူး။ သူကို ကလေးကအစ တစ်ကျောင်းလုံးက လူတွေ အကုန်သိတယ်။ သူ့ကို သူများက အခြောက်လို့ ခေါ်ပေမဲ့လည်း နားမထောင်ဘူး သူလုပ်စရာရှိတာကိုပဲ သူလုပ်တယ်။” ဟု စောရန်ပိုင်ဦးက ပြောသည်။

စောထန်ရီနာဟန်နာသည် ထိုသို့ လိင်စိတ်ပြောင်းလဲ ခံယူထားသည်မှာ မွေးရာပါဟု ထင်မြင်ပြောဆိုခဲ့သော်လည်း လိင်စိတ်ပြောင်းလဲမှုကို စတင်သတိထားမိသည်မှာ စောထန်ရီနာဟန်နာ၏ အသက် (၁၃) နှစ်အရွယ် မူလတန်း ကျောင်းသား ပညာသင်ယူစဉ်ကာလက စတင်ခဲ့သည်ကို သတိထားမိကြောင်း ၎င်း၏ မိခင်ဖြစ်သူ က ဆိုသည်။

“သူ ၈ တန်းလောက်ကတည်းက စပြီး ပြောင်းလဲလာတာ။ တကယ်က သူ့အပေါင်းအသင်းတွေ သူ့ရဲ့ Guide ဆရာ သူပေါင်းတဲ့ သူငယ်ချင်းတွေကြောင့်ပဲ ပြောင်းလဲသွားတယ်ထင်တယ်။ ကျမတို့ကတော့ ဘယ်ကြိုက်မလဲ၊ ယောက်ျားပဲ ကျားကျားယားယား နေပေါ့။ ရုပ်ကလည်းခန့်တာပဲ ယောက်ျားလေးလိုနေပေါ့။ ကျမတို့ ပြုပြင်ပေး ပေမဲ့လည်း အဲ့ပုံစံပဲဆက်ဖြစ်နေတယ်” ဟု ဆိုသည်။

သို့သော် သားဖြစ်သူ၏ လိင်စိတ်ပြောင်းလဲ ခံယူလိုက်သည့်အပေါ် မိဘများအနေဖြင့် ကနဦးတွင် ကြိုက်နှစ် သက်ခြင်း မရှိသော်လည်း ၎င်းတို့ မိသားစု မျိုးရိုးတွင်လည်း အလားတူ လိင်စိတ်ပြောင်းလဲ ခံယူထားသူများ ရှိခြင်း အပေါ် စာနာပြီး စောထန်ရီနာ ဟန်နာ၏ လက်ရှိ ခံယူဖြစ်တည်မှုအပေါ် ၎င်းတို့ မိဘများအနေဖြင့် နားလည်လက်ခံ ပေးလိုက်ရကြောင်းလည်း မိခင်ဖြစ်သူက ဆက်ပြောပြသည်။

“ကျမတို့ကတော့ မကြိုက်ဘူး။ ဒါပေမဲ့ မကြိုက်လည်း ဘာမှမတတ်နိုင်ဘူး။ ကျမတို့အနေနဲ့တားလည်း မတား တော့ဘူးပေါ့နော်။ လွန်လွန်ကျူးကျူး မဖြစ်ဖို့ပဲ လိုတာပေါ့။ မိန်းမတွေလို ပြောင်းလဲ ဝတ်ဆင်တာတို့၊ ပြောင်းလဲခွဲစိတ်တာတို့အထိတော့ မလုပ်နဲ့ပေါ့နော်။” ဟု စောထန်ရီနာဟန်နာ၏ မိခင်က ပြောသည်။

ထိုသို့ နားလည်ပေးထားသော်လည်း စောထန်ရီနာဟန်နာ၏ လိင်စိတ်ပြောင်းလဲ ခံယူထားမှုကြောင့် သားဖြစ်သူကို ပတ်ဝန်းကျင်ရှိ လူအများ၏ ခွဲခြားဆက်ဆံမှု အထင်သေး စော်ကားမှုများ ခံရသည်ကို ကြားသိရသည့်အတွင် မိဘများအနေဖြင့် သားဖြစ်သူအတွက် စိတ်မကောင်းဖြစ်ရသည်ဟု မိခင်ဖြစ်သူက သူမ၏ ခံစားချက်ကို ပြောပြသည်။

စောထန်ရီနာဟန်နာသည် မိမိ၏ဖြစ်တည်မှုကို လူအများလက်ခံလာစေရန် ရိုးသားကြိုးစားမှုဖြင့် သက်သေပြခဲ့ သည်ဟု အတန်းဖော်ဖြစ်သူ နော်ဆဲဒိုက ယခုလို မှတ်ချက်ပေး ပြောဆိုသည်။

“သူ့ကို စတွေ့တုန်းက အခြောက်တစ်ယောက်ဖြစ်နေတော့ အပေါင်းအသင်း သိပ်မလုပ်ချင်ဘူး ဒါကအမှန် တရားပဲ။ ဒါပေမဲ့ သူက social တအားကောင်းတယ်။ အခန်းထဲမှာရှိတဲ့ အခန်းဖော်တွေကို ဖော်ဖော်ရွေရွေ ဆက်ဆံတယ်။ ပွင့်ပွင့်လင်းလင်း ဆက်ဆံတယ်။ သူများတွေ သူ့ကို လက်ခံဖို့အတွက်ဆို လူတိုင်းကိုသူ ရင်းရင်းနှီး နှီးဆက်ဆံတယ်။ သူကလည်း စာတော်တဲ့သူတစ်ယောက်။ အခန်းထဲက Group work activity တွေမှာလည်း တက်တက်ကြွကြွနဲ့ ပါဝင်လှုပ်ရှားတတ်တဲ့သူတစ်ယောက်။ လူအများဝင်ဆံ့အောင် အဲ့လိုမျိုး ကြိုးစား နေထိုင်တယ်လို့တော့ မြင်တယ်” ဟု ဆိုသည်။

လိင်စိတ်ပြောင်းလဲခံယူမှုအပေါ် အသိပညာ အားနည်းသည့် မြန်မာ့လူ့အသိုင်းအဝိုင်းများတွင် အထင်သေး ဆက်ဆံခံရသည့်အပြင် မြန်မာ့ရုပ်ရှင်လောကများအထိပါ ပုံဖျက်သရုပ်ဖော်ခံရသည့်အထိ တွင်တွင်ကျယ်ကျယ် ဖော်ပြခြင်းခံရသလို ထိုအရာသည်လည်း မြန်မာ့လူမှုအဖွဲ့အစည်းတွင်ဟာသဖျော်ဖြေမှုတစ်ခုအနေဖြင့် ရှုမြင်လေ့ရှိပြီး လူ့အသိုင်းအဝိုင်းကြား ဖယ်ကြဉ်ခံရမှုများလည်း ကြုံတွေ့ရလေ့ရှိကြသည်။

မြန်မာ့လူ့အသိုင်းအဝိုင်းအတွင်း အဆိုပါ ဖုံးလွှမ်းနေသည့် အယူအဆ၊ အစဉ်အလာများအောက်တွင် နစ်မွှမ်းမသွားစေလိုဘဲ လိင်စိတ်တိမ်းညွတ်သူများအား သာမန်လူသားတစ်ယောက်ကဲ့သို့ပင် ရှုမြင်ပြီး ၎င်းတို့၏ ဖြစ်တည်မှုကို လက်ခံပေးရန် လိုအပ်နေသည်ဟု LGBT အရေး တက်ကြွလှုပ်ရှားနေသူလည်းဖြစ်၊ LGBT အဖြစ် လက်ခံ ပြောင်းလဲနေထိုင်သူ စာရေးဆရာမ စောဟန်နွေဦးက အကြံပြုထားသည်။

၎င်းက “မွေးရာပါ ပါလာတဲ့ အရွယ်ရောက်လာမယ့် ကလေးတွေကို မိသားစုရဲ့အကာအကွယ်၊ ဆွေမျိုးရဲ့ အကာအကွယ်၊ ပတ်ဝန်းကျင်ရဲ့ နွေးထွေးမှုတွေ အများကြီးလိုအပ်တာပေါ့နော်။ ဆိုတော့ ဒီကလေးတွေကို သာမန် ကလေးတွေလိုပဲ ဆက်ဆံပေးပါ။ လက်ခံပေးပါ။ အဲလိုကလေးတွေကို ဒီအရွယ်ကတည်းက လက်ခံပေးမှသာလျှင် သူတို့ရဲ့ တက်လမ်း၊ သူတို့ရဲ့ အနေအထား သူတို့ရဲ့ ဖြစ်တည်မှုက ပိုပြီးတော့ လူတစ်ယောက်၊ ပတ်ဝန်းကျင် တိုင်းပြည်နဲ့လူမျိုးက အားကိုးရလောက်တဲ့အထိ သူတို့တွေ ပါပြီးတော့ တိုးတက်ကြီးပြင်းလာမှာဖြစ်တယ်။ ”ဟု အကြံပြုပြောဆိုသည်။

လိင်စိတ်ပြောင်းလဲခံယူထားမှုအပေါ် လူအများလက်ခံလာနိုင်စေရန် နယ်ပယ်အသီးသီးရှိ LGBT အဖြစ် ခံယူထားသူများအနေဖြင့်လည်း ပုံစံမျိုးစုံဖြင့် ကြိုးစားထိုးဖောက်နေကြသလို မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အောင်မြင်သော LGBT ခံယူထားသူများ အများအပြားတွေ့မြင်လာရသည်။

ထိုသို့ ထိုးဖောက်ကြိုးစားကြရာတွင်လည်း စောထန်ရီနာဟန်နာအနေဖြင့် ၎င်း၏ ကြိုးစားမှုကြောင့် ၎င်းပတ်ဝန်းကျင်ရှိ လူအများ၏ အသိအမှတ်ပြုမှုကို ရရှိလာသလို အတန်းဖော်များအနေဖြင့်လည်း ၎င်းကို ပိုမိုလက်ခံလာကာ လက်ရှိတွင် တန်းတူရည်တူ ဆက်ဆံခြင်းခံလာရပုံကို အတန်းဖော်ဖြစ်သူ နော်ဆဲဒို၏ မှတ်ချက်စကားအရ သိနိုင်သည်။

“ဒီလို မွေးရာပါ ဖြစ်လာတဲ့အပေါ်မှာ သူ့အပြစ်လို့ ပုံချလို့မရဘူး။ သူ့ကို အတင်းယောက်ျားလေး ဖြစ်ခိုင်းလို့မရဘူး။ သူ့နှလုံးသားကိုက မိန်းကလေး တစ်ယောက်ဖြစ်ချင်တာလေး။ သူအတန်းမှာဆိုရင် အမြဲပြော နေကြစကား တစ်ခုရှိတယ်။ သူကယောက်ျားလေး ခန္ဓာကိုယ်မှာ ပိတ်မိနေတဲ့ မိန်းမပျိုလေး တစ်ယောက်တဲ့။ ဒါက သဘာဝ တစ်ခုပဲလေ။ လူ့အခွင့်အရေးဆိုတာရှိတဲ့အတွက်ကြောင့် သူတကယ်လို့ LGBT တစ်ယောက် ဖြစ်ချင် တယ်ဆိုရင်လည်း ဖြစ်ပိုင်ခွင့်ရှိတယ်လေ။ သူကလည်း သာမန်လူသား တစ်ယောက်လိုပဲ လူသား တန်းတူညီမျှခွင့်ရှိပါတယ်”ဟု မှတ်ချက်ပေးပြောဆိုသည်။

လက်ရှိတွင် စောထန်ရီနာဟန်နာသည် ကေအဲန်ယူက ဖွင့်လှစ်ထားသည့် အထက်တန်းကျောင်းတွင် နောက်ဆုံး စာမေးပွဲဖြေဆိုရင် ပြင်ဆင်နေသလို တဖက်တွင်လည်း ၎င်း၏ပညာရေးအခွင့်အလမ်းအတွက် ပညာရေး ဖောင် ဒေးရှင်းများ သင်ကြားရေးစင်တာများမှ ဖိတ်ခေါ်နေသည့် နိုင်ငံတကာ တက္ကသိုလ်ဝင်ခွင့် ရရှိနိုင်သည့် မြန်မာရွှေ့ ပြောင်းပညာရေးကျောင်းများတွင် ဝင်ခွင့်စာမေးပွဲများ လိုက်လံဖြေဆိုနေပြီး နိုင်ငံခြား တက္ကသိုလ်အထိ သွားနိုင် ရန် ရည်မှန်းထားကြောင်း ဆိုသည်။

ထို့အတူ ၎င်း၏ ဖြစ်တည်မှုနှင့်ပတ်သက်၍လည်း အထင်သေးခွဲခြားဆက်ဆံတတ်သည့် ပတ်ဝန်းကျင်းမှ ရုန်း ထွက်ပြီး အတိုင်းအတာတစ်ခုအထိ လူအများလက်ခံလာနိုင်အောင် ကြိုးစားခဲ့ရသလို လိင်စိတ်ပြောင်းလဲမှုကို ခံယူထားသည့် အခြားသော ၎င်းနည်းတူ လူငယ်များကိုလည်း ယခုလို အားပေးတိုက်တွန်းခဲ့သေးသည်။

“ကိုယ်ဖြစ်တည်နေတဲ့အရာကို အတုယူတာမျိုးမဟုတ်ဘဲ ဖြစ်နေတဲ့ ပုံစံအတိုင်းပဲ သွားလိုက်ပါ။ ကိုယ်က Tom ဖြစ်စေ၊ Gay ဖြစ်စေ မိဘရဲ့ ဖိအားတစ်ခုခုကြောင့် ကိုယ်က ပြန်ကျားရမယ်၊ မိန်းကလေး ပြန်ဖြစ်ရ မယ်ဆိုတာ မျိုးကိုအတုလည်း ယူမနေနဲ့ ဖြစ်လာမှာလည်းမဟုတ်ဘူး။ ကိုယ်ဖြစ်နေတဲ့ ပုံစံအတိုင်းကိုပဲ စည်းကမ်းဘောင် ကျကျနဲ့ နေပြီးသွားပါ။ သူတစ်ပါးကိုလည်း မပုတ်ခတ်ဘဲနဲ့ လေးစားမှုရှိရှိ စည်းဘောင်ကျကျလေးနဲ့ နေထိုင်သွား လာပြောဆိုပေးဖို့ အားလုံးကို အဲ့လိုမျိုးမှတ်ချက်လေးပေးချင်တယ် ”ဟု သူက အားပေးတိုက်တွန်းစကားပြောဆို သွားသည်။