Home သတင်း ဘုရားဖူးသွားလာသူများအား လွတ်ရှမ်းစစ်ကောင်စီဂိတ်က ငွေကြေးအဓမ္မတောင်းခံ

ဘုရားဖူးသွားလာသူများအား လွတ်ရှမ်းစစ်ကောင်စီဂိတ်က ငွေကြေးအဓမ္မတောင်းခံ

1230
Photo: CJ

မတ်လ ၂ဝ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသ လွတ်ရှမ်းကျေးရွာတွင် တပ်စခန်းချနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘုရားဖူးသွားလာသူများအား ငွေကြေးအဓမ္မတောင်းခံလျက်ရှိသည်ဟု ခရီးသွား လာသူများထံမှ သိရသည်။

KNU ဝင်းရေးမြို့နယ်တွင် တည်ရှိနေသည့် လွတ်ရှမ်းစစ်ကောင်စီတပ်စခန်းသည် BGF နယ်ခြား စောင့်တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတို့ ပူးပေါင်းနေထိုင်လျက်ရှိပြီး ၎င်းတို့၏ စခန်းရှေ့ မွန်-ကရင် ပြည်နယ် ချင်းဆက် လမ်းမကြီးတွင် ဖြတ်သန်းသွားလာ နေသူများအား မကြာခဏ ငွေကြေးအဓမ္မ တောင်းခံနေသည်ဟု ဒေသခံလူထုများက ပြောသည်။

ဝင်းရော်ဒေသခံ တစ်ဦးက “ ကျောင်းသားတွေ စာမေးပွဲဖြေပြီးလို့ မွန်ပြည်နယ်ဘက်ကို ကားနဲ့ ဘုရားဖူးခရီးသွားတာပါ။ အသွားတုန်းက သူတို့ဂိတ်စခန်းရှေ့ကနေ စစ်မေးတော့ ဘုရားဖူးပဲဆိုပြီးပြောသွားတယ်။ အပြန်မှာတော့ ဘုရားဖူးလည်း တစ်ယောက်တစ်ထောင်ပေးရမယ်ဆိုပြီး လူ ၄ဝ နီးပါးကို တောင်းတော့ ပေးလိုက်ရတယ်။ ကုန်ပစ္စည်းတင်ကားတွေဆိုရင် မပြောတော့ပါဘူး။ ဘုရားဖူးခရီးသွားသူလည်း ငွေတောင်း နေတာပါ” ဟု မတ်လ ၁၉ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်ကို ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၂ ရက်နေ့က မာရှယ်လော စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် စစ်ကောင်စီက သတ်မှတ်ခဲ့ပြီးနောက် ၎င်းတို့ဂိတ်စခန်းရှေ့ ဖြတ်သန်းသွားလာသူများအား စစ်ဆေးမေးမြန်း လာသည့်အပြင် ငွေကြေး တောင်းခံမှုများလည်းရှိလာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လွတ်ရှမ်းစစ်ကောင်စီတပ်စခန်းသည် ယခင်က KNU ဝင်းရေးမြို့နယ်၊ နယ်မြေလုံခြုံရေး စခန်းဖြစ်ကာ ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ် အောက်တိုဘာလတွင် စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးအကြောင်းပြချက်ဖြင့် KNU ထိန်းချုပ် နယ်မြေတွင် ဝင်းရောက်လာပြီးနောက် အဆိုပါ နယ်မြေစခန်းပါ ဝင်ရောက်သိမ်းယူနေထိုင်သွားခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။

Photo: CJ