Home သတင်း ဝေါမြို့နယ်၊ ကျေးရွာများတွင် ဒေသခံများအား စစ်ကောင်စီက လုံခြုံရေးယူခိုင်းနေ

ဝေါမြို့နယ်၊ ကျေးရွာများတွင် ဒေသခံများအား စစ်ကောင်စီက လုံခြုံရေးယူခိုင်းနေ

696

မတ်လ ၂၀ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်း၊ ဝေါမြို့နယ် စစ်တောင်းမြစ်ကမ်းနားတစ်လျှောက်ရှိ ကျေးရွာများတွင် ပြီးခဲ့သည့်အပတ်မှစ၍ ကျေး လက်နေဒေသခံများအား လုံခြုံရေးယူရန် စစ်ကောင်စီတပ်က အတင်းအကြပ်လုပ်ဆောင်ခိုင်းနေကြောင်း ဝေါမြို့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြောပြချက်အရ သိရသည်။

ဝေါမြို့နယ်ရှိ လက်ပံရွာ၊ မြစ်ကျိုးရွာနှင့် ပင်ကျေးရွာတို့တွင် စစ်ကောင်စီက ခန့်အပ်ထားသည့် ကျေးရွာအုပ်ချုပ် ရေးမှူးများကို တာဝန်ပေး၍ တစ်အိမ်လျှင်တစ်ယောက်နှုန်းသတ်မှတ်ကာ မစောင့်မနေရ လုံခြုံရေးယူခိုင်းထားပြီး အဆိုပါ ဒေသခံရွာသားများကို ပျူစောထီးများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးတွဲလုံခြုံရေးတာဝန်ချထားကြောင်းဝေါမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။

“အိမ်တစ်အိမ်ကို တစ်ယောက်စီအလှည့်ကျမစောင့်မနေရဆိုပြီး အမိန့်ပေးစောင့်ခိုင်းတယ်။ မစောင့်နိုင်ဘူးဆိုရင် ရွာသားတွေဆီက ငွေကောက်ခံတယ်။ ကင်းလှည့်စစ်ဆေးတာလည်း ရဲနဲ့ပျူစောထီးတွေပဲလိုက်စစ်တယ်။ စစ် ကောင်စီတပ်သားတွေကကျတော့ ဘယ်သွားအိပ်လို့အိပ်နေမှန်းမသိဘူး။ ရွာသားတွေက သူတို့ကို ကင်းစောင့်ပေး ရတဲ့ပုံစံမျိုးဆိုတော့ ကျနော်တို့အတွေ့အကြုံအရ ဒါဟာရွာသားတွေကို လူသားဒိုင်းပုံစံမျိုး လုပ်ဆောင်ခိုင်း နေတယ်ဆိုတာ သေချာပါတယ်။”ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ အဆိုပါတာဝန်ရှိသူက ပြောသည်။

ထိုကဲ့သို့ ဒေသခံများအား လူသားဒိုင်းသဖွယ်လုပ်ဆောင်နေသည့်ကိစ္စရပ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၂၆) ရက် နေ့က ဘုရားပျိုကျေးရွာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝေါ(ပကဖ)က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်နိုင် သလို ယခုမတ်လအတွင်း ကေအဲန်ယူ တပ်မဟာ(၁)နှင့် တပ်မဟာ(၅)မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် (KNLA) နှင့် မဟာမိတ်တပ်ဖွဲ့များ ပဲခူးတိုင်းဒေသကြီးသို့ တိုက်ပွဲဖော်ဆောင်လာမည့် သတင်းများပြန့်နှံ့နေ သောကြောင့်လည်း စစ်ကောင်စီအနေဖြင့် ယခုလို လုပ်ဆောင်နေခြင်း ဖြစ်နိုင်ကြောင်း ဝေါမြို့(ပကဖ)၏ တာဝန်ရှိသူက ဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလကလည်း ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်စဥ် အဆိုပါကျေးရွာရှိ ဒေသခံ (၄)ဦးအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား ခြင်းမျိုးရှိခဲ့သလို ယခုနောက်ပိုင်းတွင်လည်း အထက်ပါပုံစံအတိုင်း ဗျူဟာကျကျလုပ်ဆောင်၍ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ လုပ်ဆောင်သည့်အလား ဝါဒဖြန့်နေကြကြောင်း ဝေါမြို့နယ်(ပကဖ)က ပြောသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီက မတ်လ(၈)ရက်နေ့က စတင်၍ စစ်ကြောင်းထိုးဝင်ရောက်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ(၆) ထောင် ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေးအကူအညီများပေးရန် လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။