မတ်လ ၉ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ကြိုးတံတားကျေးရွာ တောင်ယာခြံမြေများထဲတွင် စစ်ကောင် စီတပ်က ဇန်နဝါရီလပိုင်းမှစ၍ မြေမြှုပ်မိုင်းများထောင်ထားလျက်ရှိနေသောကြောင့် တောင်ယာ လုပ်ကိုင်သူများအနေဖြင့် လုပ်ကိုင်စားသောက်ရန် အခက်တွေ့နေကြရကြောင်း ဒေသခံ ရွာသားများထံမှ သိရသည်။
ကြိုးတံတားကျေးရွာနှင့်နီးစပ်သည့် မော့ကနင်ကျေးရွာတွင် စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း (ခမရ-၁၀၆) နှင့် အမြှောက်တပ်များရှိပြီး စစ်ကောင်စီတပ်များက ၎င်းကြိုးတံတားကျေးရွာထဲရှိ တောင်ယာ ခြံမြေများထဲတွင် မြေမြှုပ်မိုင်းများ ထောင်ထားသောကြောင့် တောင်ယာလုပ်ကိုင်သူများအနေဖြင့်် တောင်ယာခင်းထဲသို့ သွားရောက်လုပ်ကိုင်ရန် ခက်ခဲမှုများ ရှိနေသည်ဟု ဒေသခံ ရွာသာတစ်ဦးက ယခုလို ပြောသည်။
၎င်းက “ကျနော်တို့ရွာရဲ့ တောင်ယာခြံတွေမှာ မိုင်းထောင်ထားတယ်။ မနေ့ကလည်းမိုင်းတစ်လုံး ပေါက်တယ်။ သစ်ကားတစ်စီးထိသွားတယ်လို့ ပြောတယ်။ ရွာမှာက တောင်ယာလုပ်တဲ့လူတွေဆိုရင် ခြံထဲကို သွားမရဲ ကြတော့ဘူး။ ဒီနှစ်လောက်ကစပြီး မြေမြှုပ်မိုင်းထိတဲ့သူတွေလည်း ၄ ယောက် လောက်ရှိပြီးလေ။ ရွာမှာက စစ်တပ် ၂ တပ်တောင်ရှိတယ်။ ခမရ ၁၀၆ ရယ်၊ အမြှောက်တပ် ရယ်ရှိတယ်။ သူတို့ခြံတွေ နားမှာ လိုက်ထောင်ထားတော့ ခြံလုပ်တဲ့သူတွေအတွက် အဆင်မပြေဘူး”ဟု ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း မော့ကနင် ကျေးရွာနှင့် ကြိုးတံတား ကျေးရွာတွင် စစ်ကောင်စီတပ်များ ထောင်ထားသည့်မိုင်းနင်းမိ၍ ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်ဟု ရေးမြို့ခံ လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
အဆိုပါ ရေးမြို့နယ်တွင် စစ်ကောင်စီ တပ်ဖွဲ့များနှင့် နယ်မြေခံရေးမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ များ အကြား မကြာခဏ ထိတွေ့တိုက်ခိုက်မှုများရှိသလို ရေးဘီလူးဦးဆောင်သည့် ကာကွယ်ရေး တပ်ဖွဲ့ဝင်များကလည်း စစ်ကောင်စီ၏ ထောက်တိုင်ရုံးများကို မကြာခဏ ဝင်ရောက် စီးနင်းတိုက်ခိုက်လေ့ရှိကြောင်း သိရသည်။
ထိုသို့ စစ်ကောင်စီတပ်များနှင့် နယ်မြေခံ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား စစ်ရေး တင်းမာမှု များကြောင့် စစ်ကောင်စီတပ်များက ရေးမြို့နယ်အတွင်းရှိ ကျေးရွာတချို့ထဲသို့ လက်နက်ကြီး မကြာခဏ ပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိနေကြောင်းလည်း ရေးပြောက်ကျားတပ်ဖွဲ့ (YGF) တပ်ဖွဲ့ဝင်များက ဆိုသည်။
အလားတူ ပြီးခဲ့သည့် မတ်လ(၃)ရက်နေ့တွင်လည်း ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ဒူးသထူ(သထုံ)ခရိုင် တပ်မဟာ(၁)၊ ဖားအံမြို့နယ် ဝဲပျံကျေးနယ်၊ တုတ်ကြီးရှိ စစ်ကောင်စီတပ်၏ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF-၁၀၁၄)တပ်ရင်းမှ (၆၀ မမ) လက်နက်ကြီး (၂)လုံး ပစ်ခတ်ခဲ့မှုကြောင့် အသက် (၃)နှစ်အရွယ်ကလေးငယ် (၁)ဦး၏ ညာလက်အား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။