Home သတင်း BGF ခေါင်းဆောင်သား စီးနင်းလာသည့်ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရ၊ KNU ခေါင်းဆောင်လိုက်ပါသည့် ယာဉ်တန်းတိုက်ခိုက်ခံရခြင်းမဟုတ်ဟု ဆို

BGF ခေါင်းဆောင်သား စီးနင်းလာသည့်ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရ၊ KNU ခေါင်းဆောင်လိုက်ပါသည့် ယာဉ်တန်းတိုက်ခိုက်ခံရခြင်းမဟုတ်ဟု ဆို

664
Photo: Crd.

မတ်လ ၉ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်၊ ကစိုနှင့်ရသေ့ကုန်းကျေးရွာအနီးတွင် နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင် ဗိုလ်ချုပ်ဖားနွီးသားဖြစ်သူ စီးနင်းလာသည့် ယာဉ်ကို အမည်မသိ လူတစ်စုက ယနေ့ မတ်လ ၉ရက်၊ နံနက် ၉နာရီ ဝန်းကျင်အချိန်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။

BGF ခေါင်းဆောင် ဗိုလ်ချုပ်ဖားနွီးသား စီးနင်းလာသည့် ယာဉ်ကို အဝေးထိန်းခလုတ်ဖြင့် လမ်းဘေး မိုင်းထောင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ တိုက်တိုက်မှုကြောင့် မော်တော်ယာဉ် ထိခိုက်ပျက်စီးမှု အနည်းငယ်ဖြစ်ပေါ် ခဲ့သော်လည်း ယာဉ်ပေါ်ပါ BGF တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း အမည်မဖော်လိုသူ ကေအဲန်ယူနှင့် နီးစပ်သည့် ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက ယခုလို ပြောသည်။

၎င်းက “ဒီမနက် ၉ နာရီလောက်မှာ ကျနော်တို့သတင်းအတိအကျရတာက BGF က ဗိုလ်ချုပ် ဖားနွီးသား စီးလာတဲ့ ကားကို လမ်းဘေးမိုင်းဆွဲတာ။ ကားတော့ နည်းနည်းထိသွားတယ်။ ကားပေါ်က ပါတဲ့ လူတွေတော့ ထိတာမရှိဘူး။ ပြီးတော့ ကျနော်ကြားတာ KNU ခေါင်းဆောင်တွေ သွားတယ်လို့ လည်းကြားတယ်။ ဒါပေမဲ့ သူတို့ သွားတာနဲ့ အခုဖြစ်စဉ်နဲ့က ဘာမှမဆိုင်ဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

သို့သော် ယနေ့ ထွက်ပေါ်လာသည့် သတင်းများအရ KNU ဥက္ကဋ္ဌ နှင့် ခေါင်းဆောင်အချို့လိုက်ပါ စီးနင်းလာသည့် ယာဉ်တန်းမိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရကြောင်း သတင်းများရေးသားဖော်ပြကြပြီး KNU ခေါင်းဆောင်များ လိုက်ပါသည့် ယာဉ်တန်းနှင့် မိုင်းဆွဲတိုက်ခိုက်ခံရသည့် ဖြစ်စဉ်မှာ သက်ဆိုင်မှုမရှိဘဲ ဖြစ်စဉ်ဖြစ်ပွားရာလမ်းကြောင်း နေရာမတူကြောင်းလည်း ထိုသတင်းအရင်းအမြစ်က ဆက်ပြောသည်။

Photo: Crd.

အဆိုပါ KNU ထိပ်ပိုင်းခေါင်းဆောင်အချို့ လိုက်ပါလာသည့် ယာဉ်တန်းသည် လှိုင်းဘွဲ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ငြိမ်းချမ်းရေး ဆိုင်ရာ ဆန္ဒခံယူပွဲ ပြုလုပ်ရန် ဖားအံခရိုင် လေးဝါးမှတဆင့် လှိုင်းဘွဲမြို့သို့ ထွက်ခွာလာရာ လှိုင်းဘွဲနှင့် ပိုင်ကျုံကြားတွင် ယာဉ်တန်း၏ ရှေ့ပြေးလုံခြုံရေးယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု သတင်းမီဒီယာအချို့က ရေးသားဖော်ပြကြခြင်းဖြစ်သည်။

၎င်းတိုက်ခိုက်မှုကြောင့် ယာဉ်ထိခိုက်ပျက်စီးပြီး ယာဉ်ပေါ်တွင် လူတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ KNU ခေါင်းဆောင် နှင့် အဖွဲ့ဝင်များတစ်စုံတစ်ရာ ထိခိုက် ဒဏ်ရာရရှိခြင်း မရှိကြောင်း ရေးသားဖော်ပြကြသော်လည်း ထိုဖြစ်စဉ်ဖြစ်ပွားရာဒေသသည် စစ်တပ်ထောက်ခံသည့် ယခင်စစ်မှုထမ်းဟောင်းအများဆုံးနေထိုင်ရာ ဒေသဖြစ်ကြောင်း နီးစပ်သည့် ဒေသခံများက ပြောဆိုကြသည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်ကို မည်သည့် အဖွဲ့အစည်းက လုပ်ဆောင်သွားသည်ကိုမူ ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်ပွားရာ ဒေသသည် KNU တပ်မဟာ (၇) ထိန်းချုပ်နယ်မြေနှင့် ထိစပ်ရာ ဒေသဖြစ်သော်လည်း BGF တပ်ဖွဲ့ဝင်များအဓိက ကြီးစိုးရာ ဒေသဖြစ်ပြီး ယခုလို နယ်မြေခံ BGF ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရမှုဖြစ်စဉ်သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။