မတ်လ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်းဒေသဘက်တွင် ယခုနှစ် ကွမ်းသီးဈေးနှုန်းကျဆင်းသဖြင့် တစ်နိုင် တစ်ပိုင် ကွမ်းသီးစိုက်ပျိုးသူများ စားဝတ်နေရေး ခက်ခဲလာနေကြောင်း စိုက်ပျိုးသူများက ပြောသည်။
ပြီးခဲ့သည့်နှစ်တွင် ကွမ်းသီးတစ်ပိဿာလျှင် ကျပ် ၅,၀၀၀ မှ ၁၀,၀၀၀ နီးပါးအထိစျေးရရှိသော်လည်း ယခုနှစ်တွင် တစ်ပိဿာလျှင် ကျပ် ၂,၅၀၀ မှ ၄,၀၀၀ ခန့်သာဈေးရရှိတော့သည့်အတွက် လက်ရှိမြင့်တက်လာသည့် ကုန်စျေးနှုန်းများကြောင့် စိုက်ပျိုးသူများအနေဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့လာနေရသည်ဟု ကွမ်းသီးစိုက်ပျိုးသူတစ်ဦးက ယခုလိုပြောသည်။
“ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်ပြီး ဒီနှစ်က ကွမ်းသီးဈေးကလုံးဝမကောင်းဘူး။ အခြားသီးနှံတွေက ဈေးကောင်းရသေးတယ်။ ကွမ်းသီးပဲအဓိက အသက်မွေးတဲ့လူတွေတော့ ဒုက္ခရောက်တာပေါ့။ စစ်ပွဲကြောင့်လည်း ပြေးရသေးတယ်။ ယခုလိုကွမ်းဈေးမကောင်းတာ ငွေရေးကြေးရေးတို့၊ စားဝတ်နေရေးအတွက်အခက်အခဲအ မျိုးအမျိုးတွေ့ကြုံရတယ်”ဟု ကေအိုင်စီသို့ပြောသည်။
ထို့အပြင် ဒေသထွက် ကွမ်းသီးများကို ဝယ်ယူပြီး မြို့ထဲအဝယ်ဒိုင်ထံသို့ သွားရောက်ရောင်းချရာတွင် ဈေးကောင်းမရသည့်အပြင် နယ်မြေတွင်း စစ်ရေးပဋိပက္ခအခြေအနေကြောင့် အသက်အန္တရာယ်အတွက်လည်း စိုးရိမ်နေကြရကြောင်း ဒေသထွက်သီးနှံရောင်းဝယ်သူများက ပြောသည်။
“ကွမ်းသီးတွေ သွားရောင်းတာဈေးကောင်းလည်း မရဘူး။ ဝယ်တဲ့ဒိုင်တွေလည်း အသီးတွေတော်တော်ရွေးတယ်။ တခြားအလုပ်မရှိလို့ ဒီအလုပ်ကို လုပ်တာပဲ။ သိပ်တော့ မကိုက်ဘူး။ မြို့ထဲမှာ သီးနှံတွေသွားပို့တာလည်း တိုက်ပွဲ ဖြစ်လို့ ခဏခဏ ပြန်လှည့် လာရတယ်။ အလုပ်လုပ်ရတာ အသက်အန္တရာယ်လည်း ရှိတယ်” ဟု ဒေသထွက်သီးနှံ ဝယ်ရောင်းသူက ပြောသည်။
ကော့ကရိတ်မြို့နယ်တောင်ပိုင်းဒေသရှိ မိဖလိုင်း၊ အစွန်း၊ လန်းဖါး၊ ကော့ဆိုင် အစရှိသည့် ကျေးရွာများသည် ကွမ်းသီးကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးပြီး အသက်မွေးဝမ်းကျောင်းပြုကြသည်။
မြန်မာနိုင်ငံတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ကွမ်းသီးအများဆုံး စိုက်ပျိုးနေကြသည့်ဒေသဖြစ်ပြီး ကွမ်းသီးကို ကွမ်းရွက်၊ ဆေးရွက်ကြီးနှင့် ထုံး စသည်ဖြင့် ရောစပ်စားသုံး လေ့ရှိကြသည်။