Home သတင်း ရွေးကောက်ပွဲကော်မရှင်ထံ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခွင့် လျှောက်ထား

ရွေးကောက်ပွဲကော်မရှင်ထံ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခွင့် လျှောက်ထား

691
Photo-PSDP

ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့တွင် အခြေစိုက်သည့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)က နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ရရန် စစ်ကောင်စီဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ ၂၀၂၃၊ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားသည်ဟု စစ်ကောင်စီ ထိန်းချုပ်မှုအောက်ရှိ နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရေးအတွက် စစ်ကောင်စီမှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်နေ့တွင် အသိပေးထုတ်ပြန်ခဲ့ပြီး ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသည့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီအား မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စိစစ်ဆောင်ရွက်လျက်ရှိသည်ဟု ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ထုတ်ဝေသည့် နိုင်ငံပိုင်ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ ပါတီမှတ်ပုံတင်လျှောက်ထားသည့်အခြေအနေနှင့်ပတ်သက်၍ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ တာဝန်ရှိ သူများအား ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေဆိုမည့်သူ မရှိသေးပေ။

ကရင်ပြည်နယ်တွင် အခြေစိုက်သည့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ- KNDP ဥက္ကဌ မန်းအောင်ပြည်စိုးက “ပါတီကတော့ ဘယ်သူဖြစ်ဖြစ် ပါတီမှတ်ပုံတင်ခွင့် ရှိပါတယ်။ ဖလုံစဝေါ်ပါတီလည်း ပါတီဟောင်းတစ်ခုအနေနဲ့ ပြန်ပြီမှတ်ပုံတင်လို့ရတယ်သဘောမျိုးပေါ့။ ကရင်ပါတီများရင်တော့ ရွေးကောက်ပွဲမှာ အောင်နိုင်ဖို့ အလားအလာ မကောင်းဘူးပေါ့။ ကျနော်တို့ပါတီလည်း မှတ်ပုံတင်သွားဖို့ စီစဉ်နေပါပြီး”ဟု ကေအိုင်စီသို့ ပြောသည်။

မည်သည့်ခေတ်စနစ် အစုအဖွဲ့နှင့် မည်သူနှင့်မှသာ လက်တွဲမည်ဆိုသည်ထက် ကရင်လူထုအတွက် ပြောရေးဆိုခွင့်ရှိရန် တစ်မျိုးသားလုံးအနေဖြင့် ကရင်ပါတီရှိရန် လိုအပ်မည်ဖြစ်ပြီး ကရင့်နိုင်ငံရေး သဘောထား အတွေးအမြင်နှင့် ကရင့်အရေးအရာအတွက် ပြောဆိုနိုင်သည့် နေရာတစ်ခုရှိရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု KNDP ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ဆက်ပြောသည်။

Photo-PSDP

ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီသည် ပြီးခဲ့သည့် ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲတွင် အခြားတိုင်းဒေသကြီးရှိ မဲဆန္ဒနယ်မြေအချို့တွင် ကိုယ်စားလှယ် ဝင်ရောက်ယှဉ် ပြိုင်ခဲ့ကြပြီး ကရင်ပြည်နယ်တွင် တစ်သီးပုဂ္ဂလကိုယ်စာလှယ်အဖြင့်သာ ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း မည်သည့်မဲဆန္ဒနယ်များမှ အနိုင်ရခြင်းမရှိခဲ့ဟု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်သည့် မှတ်တမ်းများအရ သိရသည်။

“သူတို့ပါတီမှတ်ပုံတင်ခြင်းဟာ ပါတီရဲ့ဆုံးဖြတ်ချက် လွတ်လပ်ခွင့်အပေါ် လုပ်နေတယ်လို့ နားလည်တယ်။ သို့သော်လည်း ငြိမ်းချမ်းရေး ဆိုတဲ့အမြင် မရှိဘူးလို့ မှတ်ချက်ပြုချင်တယ်။ ကရင်လူထုတွေ လိုချင်တာဘာလဲ၊ ဘာကြောင့်တော်လှန်ရေးလုပ်ရသလဲဆိုတာ ရှင်းရှင်းလင်းလင်းရှိတယ်။ လူသတ်အကြမ်းဖက် စကစလုပ် တဲ့ ပါတီနဲ့ဆိုင်တဲ့မှတ်ပုံတင် သွားလုပ်တဲ့ကိစ္စဟာ မိမိလူမျိုးနဲ့ နိုင်ငံ သစ္စာဖောက်တဲ့လို့ပဲ မြင်တယ်”ဟု KYN ကရင်လူငယ်ကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မှတ်ချက်ပြုပြောသည်။

ပါတီတည်ထောင်ခွင့် မှတ်ပုံတင်ခြင်းလုပ်ငန်းကို လာမည့် မတ်လ ၂၈ ရက်တွင် နောက်ဆုံးလျှောက်ထားရမည်ဖြစ်သည်ဟု စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီအနေဖြင့် ပြီးခဲ့သည့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ် ပြိုင်ခဲ့ပြီး ပြည်နယ်ဝန်ကြီးနေရာအချို့တွင် ၎င်းတို့ပါတီကိုယ်စားလှယ်မှ နေရာရရှိခဲ့(သည်)ဟု သိရသည်။