Home သတင်း မာရှယ်လောအမိန့်ထုတ်ပြန်ပြီးနောက် ကြာအင်းဆိပ်ကြီးတွင် လူ ၃ဝ ကျော် ဖမ်းဆီးရိုက်နှက်ခံရ

မာရှယ်လောအမိန့်ထုတ်ပြန်ပြီးနောက် ကြာအင်းဆိပ်ကြီးတွင် လူ ၃ဝ ကျော် ဖမ်းဆီးရိုက်နှက်ခံရ

936
Photo: CJ

ဖေဖော်ဝါရီ ၂၇ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့မှစ၍ မာရှယ်လော စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ခဲ့ပြီးနောက် ဒေသခံ ၃ဝ ဦးကျော်ဖမ်းဆီး ရိုက်နှက်ခံခဲ့ရသည်ဟု သိရသည်။

ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း အပြင်ထွက်သွားလာသူများအား မြို့စောင့် စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ များမှ သေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်သည့်အပြင် ရိုက်နှက်ဖမ်းဆီး အရေးယူနေလျက်ရှိသည့်အတွက် ညပိုင်းအချိန်တွင်သာ ဖွင့်လှစ်ရောင်း ချနေသည့် စီးပွားရေးလုပ်ငန်းများ ရပ်နားထားရပြီး လူမှုစီးပွားအတွက် ခက်ခဲသွားသည်ဟု ဒေသခံများထံမှ သိရသည်။

“ ညနေ ၅ နာရီလောက်ဆို ဆိုင်ကြိုပိတ်ထားရပြီး။ နည်းနည်းနောက်ကျသွားရင် ဖမ်းဆီး အရေးယူခံရတယ်။ အရင်ကညပိုင်းတွေမှာ လက်ဖက်ရည်၊ ထမင်းကြော်၊ ကွမ်းယာဆိုင်နဲ့ အခြားအစားအသောက်တွေ ရောင်းနေတဲ့ဆိုင်တွေဆို အကုန်ပိတ်ထား လိုက်ရတော့ စားဝတ်နေရေး အားလုံးခက်ခဲကုန်တယ်လေ။ ဖမ်းဆီးအရေးယူခံရတဲ့လူတွေဆို တစ်ချို့က ပိုက်ဆံနဲ့ပြန်ရွေးထုတ်ယူရတာလည်းရှိတယ်” ဟု အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ကေအိုင်စီသို့ပြောသည်။

မာရှယ်လောအမိန့်ထုတ်ပြန်ပြီးနောက် ကြာအင်းဆိပ်ကြီးမြို့တွင် စစ်ကောင်စီတပ်နှင့် ရဲများ ပူးပေါင်းပြီး မြို့ဝင်မြို့ထွက်ဂိတ်များတွင် လုံခြုံရေး တင်းကြပ်ထား လျက်ရှိသည့်အတွက် အခြားကျေးရွာများမှ ဒေသထွက်စိုက်ပျိုရေးကုန်စည်များ လာရောက်ရောင်းချမှုမရှိတော့သလို မြို့တွင်းစျေးလာရောက်ဝယ်ယူသူများ လည်း မရှိတော့သည့်အတွက် မြို့ခံအချို့စားဝတ်နေရေးခက်ခဲလာပြီး အခြားဒေသများသို့ ပြောင်းရွှေ့သွားသူ များလာသည်ဟု ဒေသခံများက ပြောသည်။

“ရွာကထွက်တဲ့ အသီးအရွက်၊ တောထွက်ကုန်တွေလည်း မြို့ပေါ်ကို ဒေသခံတွေ လာမရောင်းရဲကြတော့ဘူး။ အခု မြို့က ခြောက်ကပ်ကပ်တောင် ဖြစ်ပါပြီး။ လူ ၅ ဦးလည်းစုဝေးနေလို့မရတော့ဘူး။ လူမှုစီးပွားဘဝတွေလည်း အရင်ကလို လွတ်လွတ် လပ်လပ်လုပ်လို့မရတော့ တစ်မြို့လုံးက ထောင်ကျနေသလို ဖြစ်လာတယ်” ဟု ကြာအင်းဆိပ်ကြီးမြို့နယ် အမျိုးသမီးတစ်ဦးကလည်း ကေအိုင်စီ သို့ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မာရှယ်လောစစ်အုပ်ချုပ်ရေးထုတ်ပြန်ပြီးနောက် ၎င်းတို့စည်းမျဉ်းများအား အခြေအနေအမျိုးမျိုးကြောင့် ဖောက်ဖျက်မိသူများကို သေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်ခြင်း၊ ကြိမ်ဒဏ်များဖြင့် ရိုက်နှက်ခြင်း ဖမ်းဆီးအရေးယူမှုများပြုလုပ်သလို ၎င်းတို့တရားရုံးမှ ပြစ်ဒဏ်ချမှတ်ကာ အရေးယူမှုများလုပ်ဆောင်လျက်ရှိသည်ဟု မြို့နေလူထုများထံမှ သိရသည်။