ဖေဖော်ဝါရီ ၂၂ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ပညာရေးဝန်ကြီးဌာနတို့က ယနေ့ ဖေဖော်ဝါရီလ(၂၂)ရက်နေ့တွင် ကျရောက်သော အပြည်ပြည် ဆိုင်ရာမိခင်ဘာသာစကားနေ့တွင် အချက်(၇)ချက်ပါ ပူးတွဲကြေညာချက်တစ်ရပ်အား ၎င်းတို့၏လှုမှုကွန်ယက်စာမျက်နှာပေါ်တွင် ထုတ်ပြန်ထားသည်။
အဆိုပါကြေညာချက်တွင် မိခင်ဘာသာစကားကိုအခြေပြုသော ဘာသာစကားစုံ သင်ကြား ရေးအစီအစဥ်များ ဆောင်ရွက်ခြင်းသည် ဘာသာစကားများရှင်သန်ရန်၊ ကျောင်းသူကျောင်း သားများ၏ မိခင်ဘာသာစကားဖွံ့ဖြိုးရန်၊ မိမိတို့ဒေသ၊ နိုင်ငံနှင့်နိုင်ငံ တကာဆိုင်ရာဘာသာ စကားများတတ်မြောက်ရန် ကူညီအားပေးရုံ သာမက ၎င်းတို့၏စဥ်းစားတွေးခေါ်မှုနှင့် ကျောင်းပညာ သင်ယူခြင်းကို ထောက်ပံ့ပေး နေသော်လည်း မြန်မာနိုင်ငံအတွင်း ကာလရှည်ကြာ စစ်အုပ်ချုပ်ရေးစနစ်ကြောင့် မိခင်ဘာသာ စကားနှင့်ယဥ်ကျေးမှုကို ကိုယ်စားပြုသော စာပေများ၊ သင်ရိုးများအား သင်ကြားခွင့်မရရှိခဲ့ကြောင်း ဖော်ပြပါရှိသည်။
၎င်းအပြင် တိုင်းရင်းသားလူနည်းစုများ၏ မိခင်ဘာသာစကားများကို မြှင့်တင်ပေးခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော စီးပွားရေး၊ ဥပဒေရေးနှင့် အုပ်ချုပ်ရေး ကများတွင် အကျိုးပြုသောအုတ်မြစ်ကို မြှင့်တင်ပေးရာ ရောက်ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်တွင်လည်း တိုင်းရင်းသားဘာသာ စကားနှင့်မိခင်ဘာသာစကား သင်ကြားရေး ကိစ္စရပ်များအား ဖော်ပြထားပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အတွက် အရေးကြီးသော ပညာရေးဥပဒေအစပြုခြင်းဖြစ်ကြောင်းလည်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
အဆိုပါ ကြေညာချက်နှင့်ပတ်သက်၍ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ၏ ပညာရေးကော်မတီ ဝင်တစ်ဦးဖြစ်ပြီး NUCC ရှိ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(JCC)၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ် သော မဇူးပဒုမ္မာက ကေအိုင်စီသို့ ယခုလို ပြောသည်။
“မိခင်ဘာသာစကားသင်ကြားခွင့်က တိုင်းရင်းသားပညာရေးလုပ်ငန်းဆောင်ရွက် နေတဲ့တိုင်း ရင်းသားတွေရော၊ ဒီမိုကရေစီလှုပ်ရှားမှုမှာ တန်းတူညီမျှမှုရှရှိရေးဆိုတဲ့ တောင်းဆိုချက်အပါအဝင် ဖြစ်တဲ့ မိခင်ဘာသာစကားလွတ်လပ်စွာသင်ကြားခွင့်နဲ့ ကိုယ့်ရဲ့ရိုးရာဓလေ့ထုံးတမ်းတွေကို အတိအလင်းချပြဖို့အတွက်ဆိုတာက တောင်းဆိုနေတဲ့အချက်တစ်ခုလည်းဖြစ်လို့ အခုလို ကြေညာချက်အပေါ် ကြိုဆိုပါတယ်။”ဟု ပြောသည်။

ဆက်လက်၍ နဂိုကတည်းကရှိရမည့် တိုင်းရင်းသားတိုင်း ကိုယ်ပိုင် မိခင်ဘာသာစကားကို သင်ကြားခွင့်၊ လေ့လာပိုင်ခွင့်နှင့် လွတ်လပ်စွာ ဖော်ဆောင်ခွင့်သည် အခြေခံလူ့အခွင့်အရေးတွင် ရှိရမည့် အချက်အလက်တစ်ခုဖြစ်သည်ဟုလည်း မဇူးပဒုမ္မာက ဆက်ပြောသည်။
NUCC နှင့် NUG ၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူကြမ်းအရ ဘာသာစ ကားစုံ ပညာရေးစနစ်နှင့် တိုင်းရင်းသားအားလုံးကိုယ်စားပြုပါဝင်သော မိခင်ဘာသာ စကားအခြေပြုရေးတို့ကို ဒေသအဆင့်အနေဖြင့် အကောင်အထည်ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါမူကြမ်းတွင် ဘာသာစကား ဆိုင်ရာလူ့အခွင့်အရေးနှင့် မသန်စွမ်းများအတွက် လက်သင်္ကေ တပြဘာသာစကားကိုလည်း မြှင့်တင်ခွင့်ပါရှိမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အလားတူ NUG ပညာရေးဝန်ကြီးဌာနမှလည်း ကြားကာလတွင် ဒေသအလိုက်မူဝါဒ များကို အားပေး ထောက်ခံကာ မိခင်ဘာသာစကားအခြေပြုပညာ သင်ကြားရေး စနစ်များ လေ့လာထုတ်ဖော်ခြင်း၊ သုတေသနပြုစုခြင်း၊ လက်တွေ့အကောင်အထည် ဖော်ခြင်းဖြင့် ပံ့ပိုးကူညီသွားမည်ဖြစ်ပြီး မိခင်ဘာသာစကားဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်နေကြသော ပညာရေးဌာနများ၊ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပကျွမ်းကျင်ပညာရှင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ဘာသာရေးအခြေပြုနှင့် နိုင်ငံတကာအစိုးရအဖွဲ့အစည်းများနှင့်လည်း လက်တွဲလုပ်ဆောင် သွားမည်ဟု ၎င်းပူးတွဲကြေညာချက်တွင် ဖော်ပြပါရှိသည်။
အပြည်ပြည်ဆိုင်ရာမိခင်ဘာသာစကားနေ့အား ကမ္ဘာတစ်ဝှမ်းရှိ မတူညီသော ယဥ်ကျေးမှုနှင့် ဘာသာစကားများအား ထိန်းသိမ်းမြှင့်တင်နိုင်ရန် ရည်ရွယ်၍ ၁၉၉၉ ခုနှစ်၊ နိုဝင်ဘာလ(၁၇)ရက်နေ့ ယူနက်စကို၏ အကြိမ်(၃၀)မြောက် ညီလာခံတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အဆိုတင်သွင်းခဲ့ရာ ဖေဖော်ဝါရီ(၂၁)ရက်နေ့အား အပြည်ပြည်ဆိုင်ရာမိခင်ဘာသာစကားနေ့အဖြစ်သတ်မှတ်၍ တစ်ကမ္ဘာလုံးတွင် နှစ်စဥ်နှစ်တိုင်းကျင်းပပြုလုပ်လျက်ရှိသည်။



















