ဖေဖော်ဝါရီ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင့်အမျိုးသားအစည်းရုံး ဖားအံခရိုင်၊ ပိုင်ကျုံနှင့် နဘူးမြို့နယ်ရှိ ကရင်ပညာရေးနှင့်ယဥ် ကျေးမှုဌာန(KECD)က ဖွင့်လှစ်ကြသည့် ကရင်စာသင်ကျောင်းများသည် ယခု (၂၀၂၂-၂၀၂၃) ပညာသင် နှစ်တွင် စိန်ခေါ်မှုအခက်အခဲများရှိသော်လည်း နှစ်ကုန်စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့သည်ဟု ကျောင်းဆရာ၊ ဆရာမများက ပြောသည်။
အဆိုပါ ကျောင်းများတွင် လုံခြုံရေး၊ ငွေကြေးထောက်ပံ့မှု၊ စာသင်ကြားရန်အတွက် ဆရာဆရာမများ မလုံလောက်မှု၊ ကျောင်းသားကျောင်းသူများအတွက် သင်ထောက်ကူပြုပစ္စည်းများ မလုံလောက်မှု စသည့်အခက်ခဲများရှိသော်လည်း ယခုဖေဖော်ဝါရီလဆန်းပိုင်းတွင် အတန်းတင်စာမေးပွဲကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်ဟု ကျောင်းတာဝန်ခံများက ပြောသည်။
ပိုင်ကျုံမြို့နယ် KECD တာဝန်ရှိသူတစ်ဦးက “ကျနော်တို့အခက်ခဲတွေကတော့ အများကြီးရှိတယ်၊ အဲဒီအခက်ခဲ တွေထဲမှာ ငွေရေးကြေးရေးပေါ့၊ နောက်တစ်ခုက အခုစာသင်တဲ့ဆရာ/ဆရာမတွေကလည်း သူတို့မှာ မိသားစု မိဘတွေရှိတယ်။ ဒါပေမဲ့ သူတို့စာသင်ပေးပါတယ်၊ တစ်နှစ်ပတ်လုံး သူတို့စေတနာ့ ဝန်ထမ်းအဖြစ်ပဲ လာသင်ပေးရတယ်၊ နောက်ပိုင်းကျောင်းသားတွေက ပိုများလာတယ်၊ ဒါပေမဲ့ဆရာ/ဆရာမ နည်းတဲ့ အခက်အခဲလည်းရှိနေပါတယ်”ဟု ကေအိုင်စီသို့ပြောသည်
အချို့ကျောင်းသားမိဘများသည် စစ်ကောင်စီမှ လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် ကျောင်းအတွင်း ဝင်ရောက် ဖမ်းဆီးခြင်းတို့ကြောင့် ကျောင်းတက်နေကြသည့် ကလေးများ၏ အသက်အန္တရာယ်များအတွက် စိုးရိမ်မကင်းဖြစ်ခဲ့ရသည်ဟု ကျောင်းဆရာမ နော်အဲသာဆဲက ပြောသည်။
“ငါတို့စာသင်ပေးရက အခက်ခဲဖြစ်တာက အများကြီးမရှိဘူး၊ တစ်ခုပဲ တချို့ကျောင်းသားမိဘတွေက KECD ကျောင်းမှာ တက်နေကြတဲ့ သူတို့ ကလေးငယ်တွေကို စိုးရိမ်နေကြတာတွေ တွေ့ရတယ်၊ ဘာဖြစ်လဲဆိုတာတော့ သူတို့မှာ အကြောင်းပြချက်တွေရှိတယ်၊ စစ်ကောင်စီက လေယာဉ်နဲ့ ကျောင်းကို ဗုံးလာကြဲမလား၊ တိုက်ပွဲတွေ ဖြစ်တော့မလား ဆိုပြီး စိုးရိမ်မှုတွေက စာသင်ပေးနေရတဲ့ ဆရာ ဆရာမတွေအတွက် အခက်အခဲ ဖြစ်စေတယ်”ဟု ဆရာမ နော်အဲသာဆဲက ပြောသည်။ .
စစ်အာဏာသိမ်းမှုဖြစ်စဉ်ဖြစ်ပြီးနောက် ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ KECD ကျောင်းများတွင် ကျောင်း သားကျောင်းသူများ သိသိသာသာ တိုးပွားလာခြင်းကြောင့် စာသင်ကျောင်း အဆောက်အအုံများ မလုံလောက်ခြင်း၊ သင်ထောက်ကူပစ္စည်းများ မလုံလောက်ခြင်းစသည့် အခက်အခဲများကြုံ တွေ့နေရသည်ဟု ကျောင်းတာဝန်ခံများက ပြောသည်။
ထို့အတူ ကေအဲန်ယူ ဖားအံခရိုင်အပြင် အခြားသော ခရိုင်၊ တပ်မဟာအချို့တွင်လည်း စစ်ရေး ပဋိက္ခဖြစ်စဉ်ကြောင့် ကျောင်းသူ၊ ကျောင်းသားများ ကောင်းမွန်စွာ စာသင်ကြားနိုင်ရန် အခက်အခဲရှိ သော်လည်း ယခုနှစ်ပညာသင်နှစ်အတွက် အတန်းတင်စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့ကြသည်ဟု သိရသည်။



















