Home သတင်း ဝေါမြို့နယ်တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် ညမထွက်ရ အမိန့်ထုတ်

ဝေါမြို့နယ်တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် ညမထွက်ရ အမိန့်ထုတ်

447
Photo: Crd.

ဖေဖော်ဝါရီ ၂၇ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ပုရားပျိုကျေးရွာအထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်ကို မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ (၂၆)ရက်နေ့ ညပိုင်းတွင် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံပျူ စောထီးအဖွဲ့ဝင်(၂)ဦး‌ သေဆုံးပြီး (၄)ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းမြစ်များက ပြောသည်။

ထိုသို့ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ဝေါမြို့နယ်အတွင်း ယနေ့ ဖေဖော်ဝါရီလ ၂၇ရက်နေ့မှစ၍ ည(၇)နာရီနောက်ပိုင်းအိမ်ပြင်မထွက်ရအမိန့်နှင့် တွေ့ရှိပါက အမေးအမြန်းမရှိ ပစ်မိန့်ပေးထားကြောင်း ဝေါမြို့နယ်ဒေသခံတစ်ဦး ပြောသည်။

၎င်းက “စစ်တောင်းမြစ်ကမ်းနှဖူးမှာရှိတဲ့ လက်ပံကျေးရွာမှာ စစ်တပ်က စစ်ကား ခြောက်စီးနဲ့ဝင်မွှေနေပါတယ်။ လက်ပံကျေးရွာနဲ့ကပ်လျက်က ကျွန်းရွှေဝါဘက်မှာ လည်း ဝင်မွှေနေတယ်။ ပြီးတော့ တစ်မြို့နယ်လုံးနီးပါး ဒီနေ့ကစပြီး ည၇နာရီထိုးလို့ အိမ်ထဲကအိမ်ပြင်ထွက်တာနဲ့ ပစ်မိန့်ပေးထားတယ်။” ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီနှင့်ပူးတွဲ၍ ရဲတပ်ဖွဲ့ဝင်များ၊ ပျူစောထီးများ၊ ရာအိမ်မှူးတစ်ဦးနှင့် မီးသတ်ဝန်ထမ်းနှစ်ဦးအပါအဝင် လုံခြုံရေးယူထားစဥ် ဝေါမြို့နယ် ပကဖ မှ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုတွင် ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အကျအဆုံးနှင့် ထိခိုက်ဒဏ် ရာရမှုမရှိ ကြောင်း Bago Region PDF ၏ ဖေ့ဘွတ်လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ထုတ်ပြန်ထားသည်။

“ စစ်တပ်က လက်နက်တပ်ဆင်ထားပေးတဲ့ ရာအိမ်မှူး(၁)ဦးနဲ့ မီးသတ်တပ်ဖွဲ့ဝင်(၁)ဦးသေသွားတာ၊ အဲဒီဂိတ်ကစုပေါင်းဂိတ်၊ အဲဒီမှာ ပြည်သူတွေဆီက ငွေကြေးကောက်ခံတာတို့ ကားမှောင်ခိုသွင်းတာတို့လုပ်တယ်။ ပျူစောထီးတစ်ယောက်နဲ့ ရဲသုံးယောက်က ပြင်းထန်ဒဏ်ရာရပြီး ရန်ကုန်ဆေးရုံကြီးအထိပို့လိုက်ရတယ်။” ဟု အခြားဒေသခံတစ်ဦးကလည်း ပြောသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၂၇)ရက်နေ့ကလည်း ဒေသခံများထံမှ‌ ဆက်ကြေးငွေတောင်းခံ၍ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ သတင်းများအား စုံစမ်းထောက်လှမ်းပြီး စစ်ကောင်စီထံ ပေးပို့နေသော သတင်းပေးတစ်ဦးအား ဝေါမြို့နယ် ပကဖက နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် သနပ်ပင်မြို့နယ်တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Bago Region PDF ၏ ဖေ့ဘွတ်လူမှုကွန် ယက်စာမျက်နှာပေါ်တွင် ထုတ်ပြန်ထားချက်အရ သိရသည်။