Home သတင်း ပုလော PDF ယာယီစခန်းသိမ်းပိုက်ခံရပြီးနောက် ကျေးရွာနေအိမ် ၁၀၀ ကျော်မီးရှို့ခံရ

ပုလော PDF ယာယီစခန်းသိမ်းပိုက်ခံရပြီးနောက် ကျေးရွာနေအိမ် ၁၀၀ ကျော်မီးရှို့ခံရ

892
Photo: CJ

ဖေဖော်ဝါရီလ၂၀ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာအနီးရှိ ပုလော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏ ယာယီ စခန်းကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်သိမ်းပိုက်ပြီးနောက် ကဒဲကျေးရွာ အတွင်းရှိ ဒေသခံ နေအိမ် ၁၀၀ ကျော် မီးရှို့ခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။

ပုလောမြို့နယ်၊ ကဒဲကျေးရွာအနီးရှိ ပုလော PDF ၏ ယာယီစခန်းကိုပြီးခဲ့သည့် ဖေဖော်ဝါရီ လ(၁၅)ရက်နေ့တွင် စစ်ကောင်စီက တပ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက် သိမ်းယူပြီးနောက် နေအိမ်(၄၀၀)ဝန်းကျင်ရှိ ကဒဲကျေးရွာတွင် ပြည်သူပိုင်နေအိမ်နှင့် ကျေးရွာ ဘုန်းကြီးကျောင်း (အထက်ကျောင်း) အပါအဝင် စုစုပေါင်း ၁၆၅ လုံးကို ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း နေအိမ် မီးရှို့ခံရမှုတွင် ပါဝင်သူ ကဒဲကျေးရွာ ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“အခုတော့ရွာထဲမှာ စစ်သားတွေတော့ မရှိတော့ဘူး။ ပြန်တော့ အခုလက်ရှိ ကတော့ ကိုယ့် ဥယျာဉ်တွေထဲ ကိုရှောင်နေရတယ်။ တချို့အိမ်တွေကျတော့ မီးရှို့ခံထိတဲ့အိမ်တွေကျတော့ တောတောင် ထဲမှာပဲ ထိုးပြီး နေနေရတယ်။”ဟု ၎င်းဒေသခံက ကေအိုင်စီသို့ပြောသည်။

ထိုသို့ ကျေးရွာနေအိမ်များ မီးရှို့မှုကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် နေအိမ် (၆၀)ခန့်ကို စတင် မီးရှို့ခဲ့ပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ နေအိမ် ၁၆၅ လုံးကို မီးဆက်တိုက်ရှို့ခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသခံများ အနေဖြင့်ဘေးလွတ်ရာတောတောင်များတွင် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဘက်မှ ပြန်လည်တိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု ကာကွယ်ရေး တပ်ဖွဲ့ဘက်က ဆိုသည်။

Photo: CJ

ဖေဖော်ဝါရီလ(၁၈)ရက်နေ့က ၎င်းကျေးရွာကို ပြန်လည် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း နှင့် စစ်ကောင်စီ ဘက်မှ အထိအခိုက် အကျအဆုံးများဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု ပုလော ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။

၎င်းက “အခုက သတင်းရလို့စစ်ကြောင်းလာထိုးတာမဟုတ်ဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့ကို စစ်ကြောင်း ထိုးတာ။ စစ်ကောင်စီဘက်ကတော့ ၅ဦး ကျတယ်။ ရဲဘော်တွေဘက်ကတော့ တစ်ဦးထိခိုက် ဒဏ်ရာရတယ်။ မစိုးရိမ်ရပါဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပုလောမြို့နယ် ရှပ်ပုံ ကျေးရွာရှိနေအိမ် ၃ လုံးကိုမီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ကျေးရွာရှိ ကျန်ရှိနေသော နေအိမ်များကို လည်း ဖောက်ထွင်းကာ တန်ဖိုးကြီး ပစ္စည်းများကို ခိုးယူသယ်ဆောင်ခြင်းများကိုပြုလုပ်ခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များ၏ ဖော်ပြချက်အရသိရသည်။