Home ဆောင်းပါး “အမျိုးသမီးနှင့် ကျန်းမာရေး” ပညာပေးဆောင်းပါး(၂)

“အမျိုးသမီးနှင့် ကျန်းမာရေး” ပညာပေးဆောင်းပါး(၂)

472

လိင်မှတဆင့် ကူးစက်တတ်သောရောဂါ(STIs)များအကြောင်း

လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေဆိုတာ လိင်မှုကိစ္စ မကင်းကြတဲ့ လူ့အသိုင်းအဝန်းအတွင်း သိကိုသိထားသင့်တဲ့ ရောဂါတွေဖြစ်ပါတယ်။ ဒါ့အပြင် လိင် မှတဆင့် ကူးစက်တတ်တဲ့ တချို့ရောဂါတွေဟာ လုံး၀ပျောက်ကင်းအောင် ကုသလို့မရနိုင်တဲ့အတွက် သေချာသိရှိပြီး ကြိုတင်ကာကွယ်မှု ပြုလုပ်ထားနိုင်ဖို့အ တွက် တင်ပြပေးလိုက်ပါတယ်။

STI အများစုဟာ လိင်တံ၊ မိန်းမကိုယ်၊ အစာဟောင်းအိမ်၊ ဆီးလမ်းကြောင်း၊ ပါးစပ်၊ လည်မျို၊ အသက်ရှူလမ်းကြောနဲ့ မျက်လုံးတို့မှာရှိတဲ့ Mucous အမြှေးပါးက နေတဆင့် ကူးစက်တတ်ပါတယ်။

၁။ ကာလသားရောဂါ (Syphilis)
ကာလသားရောဂါဟာ လိင်ဆက်ဆံရာကတဆင့် Treponema pallidum ဘက်တီးရီးယားပိုးဝင်ရောက်ပြီး အရေပြား၊ ပါးစပ်၊ လိင်အင်္ဂါနဲ့ အာရုံကြောစနစ်တွေ ကို ထိခိုက်စေနိုင်တဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်ပါတယ်။

ကာလသားရောဂါရဲ့ လက္ခဏာတွေ အဆင့် (၃)ဆင့်ရှိပါတယ်။
က) ရောဂါကူးစက်ခံရပြီးနောက် ၂ပတ်မှ ၄ပတ်အတွင်း နာကျင်မှုမရှိတဲ့အနာတွေ လိင်အင်္ဂါတစ်ဝိုက် ပေါ်လာတတ်ပါတယ်။ လိင်ဆက်ဆံရာတွင် ပါးစပ်၊ စအို အသုံးပြုခဲ့မယ်ဆိုရင်လည်း ထိုနေရာများတွင် နာကျင်မှုမရှိတဲ့ အနာပေါက်တာကို တွေ့ရနိုင်ပါတယ်။

ခ) အဆင့်(၁)တွင် မကုသခဲ့ပါက
အဆင့်(၂) – ၆ပတ် မှ ၁၂ပတ်အတွင်း ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အစားအသောက်ပျက်ခြင်း၊အင်ပြင်များထွက်ခြင်း၊ မိန်းမကိုယ် လက်ဖဝါး ခြေဖဝါးများတွင် အနီဖုများ ပေါက်ခြင်း။ လည်ချောင်းနာခြင်း၊ ချိုင်းကြား ပေါင်ကြား ရောင်ရမ်းခြင်းများဖြစ်လာတတ်ပါတယ်။ အဆင့်(၂)မှာ ရောဂါလက္ခဏာတွေ မပြဘဲလည်း ဖြစ်နိုင်ပါတယ်။

ဂ) အဆင့်(၃)မှာတော့ ရောဂါစစဝင်ပြီး ၁၀နှစ်ကနေ နှစ်၄၀ ကြာပြီးနောက် ပေါ်လာတတ်ပါတယ်။ ဦးနှောက်နဲ့ နှလုံးပျက်စီးခြင်း၊ မှတ်ဉာဏ်ပိုင်းပြဿနာရှိလာ ခြင်းနှင့် အကြောသေခြင်းများ ဖြစ်တတ်ပါတယ်။

ကုသမှု – အဆင့်(၁)ကတော့ ပဋိဇီဝဆေးနဲ့ ဆေးထိုး ဆေးသောက်ဖြင့် ပျောက်ကင်းနိုင်ပါတယ်။ အဆင့်(၂)နဲ့ (၃)အတွက်ကတော့ ပဋိဇီဝဆေးဝါးများဖြင့် အချိန် ကြာကြာ ကုသရနိုင်ပါတယ်။ ရောဂါပိုးကျန်/မကျန် သိနိုင်ရန် ကုသပြီးနောက် သွေးပြန်စစ်ကြည့်သင့်ပါတယ်။

သတိပြုရန် – ကိုယ်ဝန်ဆောင်နေစဉ် ရောဂါကူးစက်ခံရပါက ကလေးထံကူးစက်နိုင်ခြင်း၊ ကလေးအသေမွေးခြင်း၊ တခါတရံ မွေးမွေးပြီးချင်း ကလေးသေဆုံးခြင်း တို့ ဖြစ်နိုင်ပါတယ်။ ရောဂါကူးစက်ခံရသော မွေးကင်းစကလေးကို သေချာမကုသရင်လည်း ကလေးရဲ့ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေနိုင်ပါတယ်။

၂။ ဆီးထုတ်ပြွှန်ရောင်ရမ်းခြင်း (သို့) ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urethritis)
ဆီးထုတ်ပြွှန်မှာ ဘတ်တီးရီးယားပိုးဝင်ခြင်းကြောင့် ဖြစ်တတ်ပါတယ်။ အမျိုးသားရော၊ အမျိုးသမီးတွေပါဖြစ်တတ်ပေမဲ့ အမျိုးသမီးတွေမှာ ဆီးထုတ်ပြွှန် ပိုတိုတဲ့ အတွက် ပိုဖြစ်နိုင်ချေများပါတယ်။

Urethritis (ဆီးထုတ်ပြွှန်ရောင်ရမ်းခြင်း) ရဲ့လက္ခဏာတွေက ဆီးသွားချိန် နာကျင်တတ်ခြင်း၊ မကြာခဏ ဆီးသွားခြင်း၊ ဆီးလမ်းကြောင်းအ၀ ယားယံခြင်း၊ ပူစပ် ခြင်း၊ သုတ်ရည်၊ ဆီးတို့တွင် သွေးများပါခြင်းတို့ ခံစားရတတ်ပါတယ်။

ကုသမှု – ဘက်တီးရီးယား ပိုးသတ်ဆေး၊ ဗိုင်းရပ်စ်ပိုးသတ်ဆေးတို့နဲ့ ကုသနိုင်ပါတယ်။ ရောဂါအတိမ်အနက်ပေါ် မူတည်ပြီး ဆရာဝန်၏ လမ်းညွှန်ချက်အတိုင်း ပြီးဆုံးအောင်ကုသဖို့ လိုအပ်ပါတယ်။ မပြီးဆုံးပါက ရောဂါပြန်ဖြစ်ပြီး ပိုဆိုးလာနိုင်ပါတယ်။

သတိပြုရန် – ထိုရောဂါပိုးကူးစက်ခံရခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ တင်ပါးဆုံ ရိုးတွင်းအင်္ဂါများ ရောင်ရမ်းခြင်း၊ အမျိုးသမီးများ သန္ဓေမအောင်ခြင်း၊ သားဥပြွှန် တွင် အမာရွတ်ဖြစ်ခြင်းကြောင့် နေရာမှား၍ သန္ဓေတွယ်(သန္ဓေတည်)ခြင်းတို့ ဖြစ်တတ်တာမို့ ကုသမှုကို ပြီးဆုံးအောင် ခံယူသင့်ပါတယ်။

၃။ အသည်းရောင်အသားဝါ ဘီပိုး
အသည်းရောင်အသားဝါဘီပိုး ရောဂါကူးစက်ခံရသူရဲ့ သွေးနဲ့ ထိတွေ့မိတာ၊ လိင်အင်္ဂါကထွက်တဲ့ အရည်၊ သုတ်ပိုးနဲ့ ထိတွေ့မိတာကနေ ကူးစက်နိုင်ပါတယ်။
ဘီပိုးရှိတဲ့ မိခင်က မွေးလာတဲ့ကလေးကို ကာကွယ်ဆေးမထိုးပေးဘူးဆိုရင် ၄၀%ရောဂါပိုး ကူးစက်ခံရနိုင်ပါတယ်။ ထိုကလေးများထဲက ၄ပုံ ၁ပုံဟာ နာတာရှည် အသည်းရောဂါဖြစ်လာပြီး အသည်းပျက်စီးတတ်ပါတယ်။

အသည်းရောင်အသားဝါဘီပိုးရောဂါကို “တိတ်တဆိတ် လူသတ်သမား”လို့တောင် ခေါ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လူအများစုမှာ လက္ခဏာ မပေါ်တတ် ပါဘူး။ လက္ခဏာမပေါ်ဘဲ နှစ်တွေအကြာကြီး ပိုးတွေ ပွားနေတတ်ပါတယ်။ ရောဂါလက္ခဏာက သာမန် အအေးမိ တုပ်ကွေးရောဂါတွေနဲ့လည်း ဆင်တူနေတာ ကြောင့် အသည်းခြောက်တာ၊ ရေဖျဉ်းဆွဲတာနှင့် အသည်းပျက်စီးတာလိုမျိုး ပြင်းထန်လာမှ သတိပြုမိတတ်ကြပါတယ်။

ကုသမှု – ကာကွယ်ဆေးထိုးပြီး ကြိုတင်ကာကွယ်လို့ ရပါတယ်။ ကာကွယ်ဆေး ပုံမှန်ထိုးမယ်ဆိုရင် ရောဂါကူးစက်မှုကို ရှောင်ရှားနိုင်ပါတယ်။ ကာကွယ်ဆေး ထိုးဖို့ နောက်ကျသွားပြီး မိမိမှာ အသည်းရောင်အသားဝါ ဘီပိုးရှိနေပြီဆိုရင်တော့ ကိုယ့်ရဲ့ပိုးကောင်ရေ များလာလား၊ နည်းသွားလား ပုံမှန် သွေးစစ်ရပါမယ်။ ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း ဆေးကို စိတ်ရှည်ရှည်နှင့် နှစ်ကာလတစ်ခုထိ စွဲသောက်ရပါလိမ့်မယ်။ ပြီးရင်တော့ ပိုးကောင်ရေ အနည်းနဲ့အများ ပြန်စစ်ရပါ မယ်။
အမေရိကန်နိုင်ငံ ဘီပိုးသုတေသနဌာန ပြောကြားချက်အရ ကိုယ်ဝန်ဆောင်နေစဉ် ဘီပိုးရှိနေလျှင် ကိုယ်ဝန် ၂၈ပတ်(၇လ)လောက်မှာ ဆရာဝန်ညွှန်ကြားတဲ့ ပိုးသတ်ဆေး စသောက်လို့ ရပါတယ်။

၄။ ထရိုင်ခိုမိုနီရေးစစ်ရောဂါ (Trichomoniasis)
ထရိုင်ခိုမိုနီးရေးစစ်ရောဂါဟာ လိင်ဆက်ဆံရာကတဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး မိန်းမအင်္ဂါရှိ ထရိုင်ခိုမိုနပ်စ် ဟုခေါ်သော အကောင်ငယ်လေးက ဖြစ်ပွားပါတယ်။
ထရိုင်ခိုမိုနီရေးရဲ့ လက္ခဏာတွေက မိန်းမကိုယ်အင်္ဂါ အနံ့ဆိုးဆိုးအရည်များဆင်းခြင်း၊ အဖြူ မီးခိုရောင် အဝါရောင် အစိမ်းရောင်ရှိတဲ့ အနံ့ဆိုးတဲ့ အမြှုပ်ထအရည် များဆင်းခြင်း၊ ဆီးသွားရာတွင် နာကျင်ခြင်း၊ ဆီးခဏခဏသွားခြင်း၊ ဆီးသွားတဲ့အခါဖြစ်စေ၊ လိင်ဆက်ဆံတဲ့အခါဖြစ်စေ မိန်းမကိုယ်မှ နာကျင်ခြင်းတို့ ခံစားရ တတ်ပါတယ်။

ကုသမှု – ဒီရောဂါရှိမရှိသိရအောင် မိန်းမကိုယ်ကထွက်တဲ့အရည်ကို နမူနာယူ စစ်ဆေးပြီးနောက် ဆရာဝန်ညွှန်ကြားတဲ့ ပိုးသတ်ဆေးတွေနဲ့ ကုသနိုင်ပါတယ်။ မိမိရဲ့လိင်ဆက်ဆံဖော်ကို ဆေးကုသမှု ပျောက်ကင်းပြီးသည်အထိ ထပ်မံ လိင်မဆက်ဆံမိစေရန် ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

သတိပြုရန် – ထရိုင်ခိုမိုးနပ်စ်ရောဂါရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ ကလေးကို လမစေ့ဘဲ မွေးဖွားနိုင်ခြေ မြင့်မားတာကြောင့် ကုသမှုကောင်းစွာ ခံယူရန် လိုအပ်ပါတယ်။

၅။ HIV ရောဂါပိုး (သို့မဟုတ်) ခုခံအားကျဆင်းမှု AIDS ရောဂါ
လိင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါတွေထဲမှာ HIV ပိုးဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ မိမိမှာ HIV ပိုးရှိနေရင် ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွားချိန်နဲ့ နို့တိုက်ချိန်တွေမှာ မိမိကလေးကို ကူးစက်နိုင်ပါတယ်။

မိခင်မှာ HIV ပိုးရှိပေမဲ့ ရင်သွေးကို မကူးစက်အောင်၊ ကူးစက်နှုန်း နည်းပါးအောင် သောက်ဆေးတွေရှိနေပါပြီ။ ဒါကြောင့် ရောဂါပိုးရှိသူအနေနဲ့ ကိုယ်ဝန်ယူဖို့ ပြင်ဆင်ကတည်းက ဆရာဝန်နဲ့ သေချာတိုင်ပင် ပြင်ဆင်နိုင်ပါတယ်။

HIV ပိုးရှိခြင်းရဲ့ လက္ခဏာတွေက
* ဆက်တိုက် ဝမ်းလျှောတာ
* နာတာရှည် ဖျားနာတာ
* ကိုယ်အလေးချိန် အလျင်အမြန်ကျဆင်းတာ
* မကြာခဏ ချောင်းဆိုးတာ
* အသက်ရှူမဝတာ
* ဖျားနေချိန် ကိုယ်လက်ချမ်းတုန်တာ၊ ညဘက်တွေမှာ ချွေးထွက်တာ
* ကိုယ်ခန္ဓာအနှံ့၊ ခံတွင်း၊ နှာခေါင်း၊ လိင်အင်္ဂါမှာ အဖုအပိန့်တွေ၊ အနာတွေ ဖြစ်တာတို့ ခံစားရတတ်ပါတယ်။

ကုသမှု – လက်ရှိအချိန်ထိတော့ HIV ဗိုင်းရပ်စ်ကို ကုသဖို့ နည်းလမ်းမရှိသေးပေမဲ့ HIV ဗိုင်းရပ်စ်ပမာဏ ခန္ဓာကိုယ်ထဲ ပြန့်ပွားလာခြင်းကို ထိန်းချုပ်ပေးနိုင်တဲ့ ဆေးတွေတော့ ရှိနေပါပြီ။ HIV မှ AIDS သို့ ပြောင်းသွားပြီးဆိုရင် အသက်သေဆုံးနိုင်ခြေ ရာခိုင်နှုန်း မြင့်မားသွားပါပြီ။ ဒါကြောင့် ကျန်းမာရေးဌာနတွေမှာ HIV ရောဂါအတွက် ဆေးဝါးတွေကို အခမဲ့ ထုတ်ယူပြီး ဆေးပတ်လည်အောင် သေချာ ဂရုတစိုက် သောက်သုံးသွားဖို့ လိုအပ်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့ ဆေးဝါး တွေကို မိမိသဘောနဲ့ ဆက်မသောက်တာ။ ပေးထားတဲ့ဆေးကို အကုန်မသောက်ဘဲ တစ်မျိုးတည်း ခွဲသောက်တာမျိုး လုံး၀ မလုပ်သင့်ပါဘူး။

၆။ ရေယုန်ရောဂါပိုး
လိင်အင်္ဂါမှာ ရေယုန်ပေါက်ခြင်းဟာ HSV ဗိုင်းရပ်စ်-၂ကြောင့် ဖြစ်ပွားလေ့ရှိပါတယ်။ ဒီဗိုင်းရပ်စ်ဟာ လိင်ကတဆင့်ပဲ ကူးစက်တတ်တာမဟုတ်။ နှုတ်ခမ်းခြင်း နမ်းရာမှလည်း ကူးစက်နိုင်ပါတယ်။ လိင်အင်္ဂါကို ပါးစပ်နဲ့ထိတွေ့ရာတွင်လည်းကောင်း၊ လိင်အင်္ဂါချင်း ထိတွေ့ရာတွင်လည်းကောင်း ကူးစက်နိုင်ပါတယ်။

ရေယုန်ရောဂါပိုးရဲ့ လက္ခဏာတွေက လိင်အင်္ဂါများ၊ ပေါင်၊ တင်ပါးတို့မှာ နာကျင်ပြီး အရည်များရှိသော ရေယုန်နာများပေါက်ခြင်းကို ခံစားရတတ်ပါတယ်။

ကုသမှု – ရေယုန်ကို အရှင်းပျောက်အောင် ကုသလို့ မရနိုင်ပါဘူး။ ကိုယ်ခံအားကျတဲ့အခါ ပြန်ဖြစ်လာတတ်ပါတယ်။ အရည်ကြည်ဖုတွေပေါက်နေချိန်မှာ လိမ်း ဆေးတွေ၊ သောက်ဆေးတွေနဲ့ မြန်မြန်သက်သာအောင်၊ သူများဆီ မကူးစက်အောင် ကုသနိုင်ပါတယ်။

သတိပြုရန် – ရေယုန်ရောဂါဟာ ကိုယ်ဝန်ဆောင်စဉ်မှာ ပြသာနာမရှိပေမဲ့ မျိုးပွားအင်္ဂါမှာ စုဝေးပေါက်ရောက်နေတဲ့ အနာတွေကတဆင့် မီးဖွားစဉ်မှာ ကလေးကို ကူးစက်သွားနိုင်ပါတယ်။

၇။ ကလာမိုင်းဒီးယားရောဂါ (Chlamydia)
ကလာမိုင်းဒီးယားရောဂါဆိုတာဟာ ကျားမ မရွေး ဖြစ်ပွားနိုင်တဲ့ လိင်မှတဆင့် ကူးစက်တတ်သော ရောဂါတစ်မျိုးဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ မျိုးပွားအင်္ဂါ အဖွဲ့အစည်းကို ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေပြီး ကိုယ်ဝန်မဆောင်နိုင်တော့တဲ့အထိ ဖြစ်သွားတတ်ပါတယ်။ ဒီရောဂါဟာ မျိုးပွားအင်္ဂါတွေကိုသာမက အစာ ဟောင်းအိမ်ကိုပါ ကူးစက်နိုင်ပါတယ်။

ကလာမိုင်းဒီးယားရောဂါလက္ခဏာတွေက မိန်းမကိုယ်ထဲက ပုံမှန်မဟုတ်တဲ့ အရည်များဆင်းခြင်း၊ ဆီးသွားတိုင်း ပူစပ်ပူလောင် ခံစားရခြင်းတို့ ဖြစ်တတ်ပါတယ်။
အစာဟောင်းအိမ်ဆီ ရောဂါပိုးကူးစက်ခံရပြီဆိုရင် – အစာဟောင်းအိမ်နေရာ နာကျင်ကိုက်ခဲခြင်း၊ – အရည်ထွက်ခြင်း၊ – သွေးထွက်ခြင်းတို့ ဖြစ်တတ်ပါတယ်။

ကုသမှု – ရောဂါရှိသူတွေဟာ ဆရာဝန်ညွှန်ကြားတဲ့ ဆေးအားလုံးကို မပျက်မကွက် သောက်သုံးခြင်းဖြင့် ကလာမိုင်းဒီးယားရောဂါကို ပျောက်ကင်းအောင် ကုသလို့ ရပါတယ်။ သင်ရော၊ သင့်အဖော်ပါ ရောဂါအရှင်းပျောက်ကင်းပြီး ၃လအကြာမှာ ရောဂါပိုး ရှိ၊မရှိ ထပ်မံ စစ်ဆေးဖို့လည်း လိုအပ်ပါသေးတယ်။

သတိပြုရန် – ကလာမိုင်းဒီးယားရောဂါပိုး ကူးစက်ခံရပြီးဆိုရင် ပေါင်မပြည့်တဲ့ကလေးမွေးခြင်း၊ လမစေ့ဘဲ ကလေးမွေးခြင်း၊ ရေမွှာစောပေါက်ခြင်းတို့အပြင် ကူးစက်ခံရတဲ့ မွေးကင်းစကလေးဟာ မျက်လုံးမှာ ရောဂါပိုးဝင်ခြင်းနဲ့ နမိုးနီးယား အဆုတ်ရောင်ရောဂါ ခံစားရနိုင်ခြေရှိပါတယ်။

၈။ သားအိမ်ခေါင်းကင်ဆာဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ် (သို့မဟုတ်) လိင်အင်္ဂါကြွက်နို့ဖြစ်စေတဲ့ ရောဂါပိုး (HPV)
HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာ လိင်အင်္ဂါ ကြွက်နို့ပေါက်တာ၊ သားအိမ်ခေါင်ကင်ဆာဖြစ်တာတွေ ခံစားရပါတယ်။ အမျိုးသမီးများသာ မက အမျိုးသားများတွင် ကူးစက်လျှင်လည်း လိင်တံကင်ဆာ ဖြစ်နိုင်ပါတယ်။ သို့သော် HPV ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။

ဒီဗိုင်းရပ်စ်ကူးစက်မှုရဲ့ နောက်ဆက်တွဲအနေနဲ့ သားအိမ်ခေါင်းကင်ဆာ၊ မိန်းမကိုယ် ကင်ဆာ၊ မွေးလမ်းကြောင်းကင်ဆာ၊ လည်ချောင်းနောက်ဘက်နားမှာ ဖြစ်တတ်တဲ့ ခံတွင်းကင်ဆာတို့ ဖြစ်နိုင်ပါတယ်။

HPV ရဲ့ ရောဂါလက္ခဏာတွေက လိင်အင်္ဂါတစ်ဝိုက် အဖြူရောင်အကွက်တွေဖြစ်တာ (သို့မဟုတ်) ပန်းဂေါ်ဖီလိုမျိုး ကြွက်နို့တွေ အစုလိုက်ပေါက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
ကင်ဆာရောဂါအခြေအနေ ထိရောက်သွားပြီးဆိုရင်တော့
– မျိုးပွားအင်္ဂါမှာ မြင်သာနိုင်တဲ့ ပြောင်းလဲမှုတစ်ခုခုဖြစ်တာ
– လည်ချောင်းတွေ၊ နားတွေ အမြဲလိုလိုနာကျင်နေတာ
– ခဏခဏ ချောင်းဆိုးနေတာ
– ကိုယ်အလေးချိန် ကျဆင်းလာတာ
– မိန်းမကိုယ်မှ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာတို့ ခံစားရတတ်ပါတယ်။ တချို့ဆို ရောဂါလက္ခဏာတွေ မပြတတ်တာမျိုးလည်း ရှိပါတယ်။

ကုသမှု – ကုသခြင်းထက် ကာကွယ်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ အမျိုးသမီးတွေသာမက အမျိုးသားတွေကိုပါ ကူးစက်နိုင်တာကြောင့် မိမိရော မိမိမိတ် ဖက်(ပါတနာ)ကိုပါ HPV ကာကွယ်ဆေး ထိုးနှံထားရင် ပိုကောင်းပါတယ်။

ကလေးတွေကိုလည်း ဒီရောဂါကို ကာကွယ်ပေးချင်တယ်ဆိုရင် အစောဆုံးအားဖြင့် အသက် (၉)နှစ်လောက်ရောက်ပြီဆိုတာနဲ့ ကာကွယ်ဆေး ထိုးနှံပေးသင့်ပါ တယ်။ HPV ဗိုင်းရပ်စ် မကူးခင်ထိုးနှံထားမှ ကူးစက်မှုကို ကာကွယ်ပေးနိုင်တာမို့ ကူးပြီးသွားရင်တော့ ကာကွယ်ဆေးထိုးလည်း မကာကွယ်နိုင်တော့ပါဘူး။ ဒါကြောင့် လိင်ဆက်ဆံမှု တခါမှ မလုပ်ရသေးခင်ကို ထိုးနှံပေးတာ အထိရောက်ဆုံးဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးဖို့ မမှီတော့ဘူး။ ရောဂါခံစားနေရပြီးဆိုရင်တော့ မိမိရဲ့ ရောဂါအတိမ်အနက်ပေါ် မူတည်ပြီး ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း ကုသမှုကို လိုက်နာခံယူသင့်ပါတယ်။
ကင်ဆာမဟုတ်ဘဲ ကြွက်နို့အဆင့်ဆိုရင် – လိမ်းဆေးလိမ်းခြင်း၊ အပူပေးခြင်း (သို့မဟုတ်) အအေးပေးခြင်းဖြင့် ကုသနိုင်ပါတယ်။ ကုသချိန်က လအနည်းငယ် ကြာနိုင်ပါတယ်။
ကင်ဆာအဆင့်ဆိုရင် – ဆရာဝန်က ကင်ဆာကျိတ်ရဲ့ အဆင့်ပေါ်မူတည်ပြီး ကုသမှု ခံယူရမှာဖြစ်ပါတယ်။

လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ဖို့က
– ကာမဆက်ဆံဖော် များပြားခြင်းကို ရှောင်ပါ။
– မိမိသာမက မိမိမိတ်ဖက်(ပါတနာ)ကိုပါ ရောဂါရှိ၊မရှိ ကြိုတင်စစ်ဆေးပါ။
– အရက်မူးနေချိန်၊ မူးယစ်ဆေးသုံးနေချိန် လိင်ဆက်ဆံမှုအား ရှောင်ရှားပါ။
– အမျိုးသမီးတွေအနေနဲ့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (သို့မဟုတ်) လိင်အင်္ဂါကြွက်နို့ ကာကွယ်ဆေး(HPV)နဲ့ အသည်းရောင်အသားဝါဘီပိုး(HBV) ကာကွယ်ဆေးထိုးနှံထားကြပါ။
– အကောင်းဆုံးကတော့ လိင်ဆက်ဆံခြင်းမှာ ကွန်ဒုံးကို မဖြစ်မနေ သုံးပါ။

– ပုံမှန်မဟုတ်တဲ့ အရည်များဆင်းခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း၊ လိင်အင်္ဂါတစ်ဝိုက် အနီစက်များပေါ်ခြင်း၊ အနာပေါက်ခြင်းများဖြစ်ပေါ်လာပါက လိင်ဆက်ဆံခြင်း ကို ရက်အကန့်အသတ်ဖြင့် ရှောင်ကာ ဆရာဝန်နှင့် ဆွေးနွေးကုသမှု ခံယူပါ။