Home သတင်း ငွေဆောင်ရှိ သန္တာကျောက်များအား လွတ်လပ်စွာဝယ်ယူရောင်းချနေမှုကြောင့် ပြုန်းတီးလာနိုင်သည့်အရေး ဒေသခံများ စိုးရိမ်

ငွေဆောင်ရှိ သန္တာကျောက်များအား လွတ်လပ်စွာဝယ်ယူရောင်းချနေမှုကြောင့် ပြုန်းတီးလာနိုင်သည့်အရေး ဒေသခံများ စိုးရိမ်

917
Photo: Crd.

ဖေဖော်ဝါရီ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအိုင်စီ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ရှိ အမှတ်တရလက်ဆောင်ပစ္စည်း အရောင်းဆိုင်များတွင် သန္တာကျောက်များအား လွတ်လပ်စွာ ဝယ်ယူရောင်းချနေသည့်အတွက် သန္တာကျောက်တန်းများ ပြုန်းတီး လာနိုင်သည့်အရေး‌ စိုးရိမ်စရာဖြစ်လာကြောင်း ငွေဆောင်မြို့နေဒေသခံများက ပြောသည်။

အချို့သောတံငါလုပ်သားများသည် သန္တာကျောက်တန်းများအား ကိုယ်တိုင်ချိုးယူကာ ငွေဆောင် မြို့ပေါ်ရှိ အမှတ်တရပစ္စည်းဆိုင်များသို့ မြန်မာငွေကျပ် အများဆုံးတစ်သောင်းကျပ်ဖြင့် ပြန်ရောင်းကြပြီး မြို့ပေါ် ဆိုင်များတွင် ကျောက်ခက်အကြီးအသေးအပေါ်မူတည်၍ တစ်သောင်းကျပ်မှ ခြောက်သောင်းကျပ်အထိ ဈေးအမျိုးမျိုးဖြင့် လွတ်လပ်စွာတဆင့်ပြန်ရောင်းချနေကြသော်လည်း ဌာနဆိုင်ရာမှအရေးယူမှု တစ်စုံတရာမရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “ရေအနက်ကြီးငုပ်စရာလည်းမလိုဘူးဆိုတော့ မြို့ပေါ်ဆိုင်ကြီးတွေက များသောအားဖြင့်က ပင်လယ် မှာ လုပ်စားတဲ့သူတချို့ဆီကနေ ပြန်ဝယ်၊ သန့်စင်ပြီးတော့ တရားဝင်ကြီးရောင်းခွင့်ရသလိုကိုရောင်း နေကြတာ အရေးယူမယ့်သူမရှိဘူး။ မြွေကျွန်းဘုရားသုံးဆူဘက်က ဆိုင်လေးတွေမှာဆို သန္တာကျောက်ဈေး ကွက်လိုပဲ။ သန္တာကျောက်ဆိုတာ နှစ်ပေါင်းများစွာစောင့်ပြီးမှ ဖြစ်လာတာလေ။ သူတို့ချိုးလိုက်တာကျ လွယ်တယ်။ ဘာမှမဟုတ်တဲ့ဈေးလေးတွေနဲ့ရောင်းကြတယ်။” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် ဒေသခံများမှ သန္တာကျောက်တန်းများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်သံများထွက်လာသောအခါ ဌာနဆိုင်ရာမှ သန္တာကျောက်တန်းများ မပြုန်းတီးရေး ပူးပေါင်းပါဝင်၍ အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်မည်ဟုကြားမိသော်လည်း ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ပြီး ဌာနဆိုင်ရာအနေဖြင့် အရေး ယူလိုပါက ခက်ခက်ခဲခဲရှာစရာမလိုဘဲ ငွေဆောင်မြို့ပေါ်ရှိ အမှတ်တရဆိုင်များတွင် အလွယ်တ ကူရှာတွေ့နိုင်ကြောင်း အဆိုပါ ဒေသခံက ဆက်လက်ပြောဆိုသည်။

“ရောင်းတာနဲ့တင်မဟုတ်ဘဲနဲ့ ဧည့်သည်တွေကလည်း ခွာယူတာမျိုးတွေရှိမယ် ထင်တယ်။ မြွေကျွန်း သဇင် ဘက်ခြမ်းမှာလည်းရောင်းတာရော လာတဲ့သူတွေက ခွာယူတဲ့သူတွေရှိတယ်လို့ ကြားမိတယ်။ စည်းကမ်း မရှိဘူး၊ အခုချိန်က အကုန်ခက်ခဲနေကြတော့ ပိုက်ဆံရရင်အကုန်လုပ်ကြတဲ့သဘောပဲ။ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရမယ်ဆိုတဲ့အသိကလည်း မရှိကြဘူး။”ဟု ငွေဆောင်မြို့နေ အခြားဒေသခံတစ်ဦးကလည်း ပြောသည်။

အလားတူ သန္တာကျောက်တန်းများဖြစ်တည်သော ပင်လယ်ပြင်၏ အစာကွင်းဆက်သည် ပင်လယ်အတွင်းရှိ ငါးသယံဇာတများကို ကြွယ်ဝစေပြီး ပင်လယ်ငါးဖမ်းလုပ်ငန်းများသည် သန္တာကျောက်တန်းဂေဟစနစ်ကိုမှီခို နေသောကြောင့် ပတ်ဝန်းကျင်ရှိလူထုများအနေဖြင့် သန္တာကျောက်တန်းများမပျက်စီးစေရေး ကာကွယ်စောင့် ရှောက်ရန်လိုအပ်ကြောင်း မြိတ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာန အငြိမ်းစားပါမောက္ခ ဒေါ်နန်းမြဟန်က အင်တာ ဗျူးတစ်ခုတွင် ဖြေကြားထားသည်။

၎င်းအပြင် သန္တာကျောက်တန်းများပျက်စီးမှုမှာ ရာသီဥတုအပြောင်းအလဲများကြောင့်သာမက အဓိကအားဖြင့် လူ့ပယောဂနှင့်ငါးအလွန်အကျွံဖမ်းဆီးခြင်းများကြောင့် တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးဝါးလာကြောင်းလည်း ဒေါ်နန်းမြဟန်က အင်တာဗျူးတွင် ပြောဆိုထားသည်။